ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ 

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ကာ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသူ (၃) ဦးထိ ရှိလာကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။

By Admin 02 May 2024

ရေရှားပါးမှုကြောင့် ချောင်းရေကိုအသုံးပြုနေရသော အထက်မြတ်လှဲစခန်းမှ စစ်ဘေးရှောင်များ။  
ရေရှားပါးမှုကြောင့် ချောင်းရေကိုအသုံးပြုနေရသော အထက်မြတ်လှဲစခန်းမှ စစ်ဘေးရှောင်များ။  

DMG ၊ မေ ၂

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ကာ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသူ (၃) ဦးထိ ရှိလာကြောင်း စခန်းတာဝန်ခံထံမှ သိရသည်။ 

မသန့်ရှင်းသောရေကို သောက်သုံးနေကြရသဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်မြင့်က ပြောသည်။ 

“သောက်သုံးရေကမကောင်းတော့ ဝမ်းသွားတယ်၊ ဖျားတယ်၊ အော့အန်တယ်။ သောက်ဆေးကလည်း မရှိဘူး။ ဆေးရုံ၊ ဆေးခန်းသွားပြဖို့ကလည်း ငွေကြေးအခက်အခဲတော့ အသက်ဆုံးရှုံးသွားရတယ်။ သုံးယောက်စလုံးက ရောဂါတစ်ပုံစံတည်းဖြစ်ပြီး ဆုံးသွားတာ” ဟု ဦးအောင်မြင့်က ပြောသည်။

သေဆုံးသူမှာ အသက်(၇၀) နှစ်အရွယ် ဦးမောင်ယုံ၊ (၆၄)နှစ်အရွယ် ဒေါ်ငွေခင်နှင့် (၁၇)နှစ်အရွယ် မသန္တာကြည် တို့ဖြစ်သည်။ ၎င်းတို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီးနောက် တစ်ရက်မှသုံးရက်အတွင်း သေဆုံးသွားခြင်းဖြစ်သည်။

ဦးမောင်ယုံမှာ ရောဂါဖြစ်ပွားပြီး သုံးရက်အကြာ ဧပြီ ၁၁ ရက်နှင့် ဒေါ်ငွေခင်မှာ နှစ်ရက်ကြာ ဧပြီ ၂၅ ရက်၊ မသန္တာကြည်မှာ တစ်ရက်အကြာ ဧပြီ ၂၈ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်လည်း အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းတွင် ဝမ်းပျကဝမ်းလျှော ရောဂါဖြစ်ပွားနေသူ ၂၀ ဦးခန့်ရှိပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေသည်။ 

“တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာကြောင့်လည်း နေမကောင်းအဖြစ်များကြတယ်။ ဝယ်ဖို့အတွက်လည်း ငွေကြေးအခက်အခဲရှိတယ်။ အိမ်သာလုံလောက်မှု မရှိဘူး။ အိမ်သာရှစ်လုံးကို လူ ၇၀၀ လောက်သုံးနေရတာ” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

စခန်းတွင်းနေထိုင်သူများမှာ ဆေးဝါးပြတ်လပ်မှု၊ ငွေကြေးအခက်အခဲကြောင့် အရေးပေါ်ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ စိန်ခေါ်မှုများစွာ ရှိနေကြသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်အထက်ပိုင်း တောဖျားချောင်းဒေသ၊ ဒိပ္ပကျေးရွာသား တစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီးနောက် ဆေးဝါးရှားပါးမှုကြောင့် အသက်သေဆုံးသွားခဲ့ရသည်။ 

ရခိုင်စစ်ရေးပြင်းထန်မှုနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထား၍ ဆေးဝါးအပြင် ကုန်စည်ပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများမှာ နေ့စဉ်လူမှုဘဝရပ်တည်ရေးတွင် အခက်အခဲဖြစ်နေကြသည်။

ဗီဒီယိုများ