မောင်တောခရိုင်တွင် တိုက်ပွဲ အရှိန်မြင့်လာ 

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည် မောင်တောခရိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲသည် ယခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်နေပြီး AA က ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ကာ စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းများဖြင့် ခုခံနေသည်။

By Admin 29 Apr 2024

မောင်တောခရိုင်တွင် တိုက်ပွဲ အရှိန်မြင့်လာ 

DMG ၊ ဧပြီ ၂၉

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည် မောင်တောခရိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲသည် ယခုရက်ပိုင်းအတွင်း ပိုမိုပြင်းထန်နေပြီး AA က ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ကာ စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းများဖြင့် ခုခံနေကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများသည် ယခုအခါ ၃ လအထိ ကြာမြင့်လာပြီး AA ကလည်း စစ်ရေးအရအရေးပါသည့် စစ်ကောင်စီတပ်ရင်း၊ နယ်ခြားစောင့်ဌာနချုပ် စသည့် စခန်းကြီးများအား ယခုရက်ပိုင်းအတွင်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

မောင်တောဒေသခံတစ်ဦးက “အေအေက အပြင်းအထန် တိုက်နေတာ။ အရေးကြီးတဲ့စခန်းတွေကို အရင်ဆုံးဖြတ်နေတာပေါ့။ မောင်တောမှာ အေအေဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်တာရှိတယ်။ စစ်ကောင်စီတပ် စခန်းတွေကို အေအေက ဝိုင်းထားတာတွေရှိတယ်။ စစ်ကောင်စီကတော့ နေ့တိုင်း တိုက်လေယာဉ်တွေနဲ့ ပစ်ကူပေးနေရတယ်” ဟု ပြောသည်။ 

AA သည် စစ်ကောင်စီ၏ ကျီးကန်ပြင်ဌာနချုပ်ကို ဧပြီလ ၂၇ ရက်မှစပြီး အနီးအနားရှိ တောင်တန်းများကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် မောင်တော အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ လှဖိုးခေါင်စခန်း အပါအဝင် အနီးနားမှစခန်းများကို AA က အပြင်းအထန် ထိုးစစ်ဆင်နေသည်။

ယင်းအပြင် ဘူးသီးတောင်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅)နှင့် လက်ကျန်တပ်ရင်း၊ ဗျူဟာများကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် AA က အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များက နေ့စဉ် လာရောက်ပစ်ကူပေးနေရကြောင်း သိရသည်။ 

“စကခ (၁၅) ဌာနချုပ်၊ ခမရ ၅၆၅ နဲ့ လက်ကျန်စခန်းတွေကို AA က ရှင်းနေတာ။ AA က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်နေတာ။ စစ်ကောင်စီဘက်က အရှုံးများနေတယ်။ အဲဒါကြောင့် လေကြောင်းနဲ့လာပြီး နေ့တိုင်းဗုံးကြဲနေတာ။ နောက်ပြီးတော့ စစ်ကောင်စီတပ်သားတွေက ဘူးသီးတောင်၊ မောင်တောကားလမ်းက လိုဏ်ဂူကြီးမှာ  ဝင်ပုန်းနေကြတာတွေ ရှိတယ် ” ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။  

ဘူးသီးတောင်မြို့နယ်တွင် စကခ ၁၅ ဌာနချုပ်နှင့်အတူ ခြေမြန်တပ်ရင်း (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅ အပါအဝင် ခြေလျင်တပ်ရင်း(ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ ရှိသည်။ ယင်းအထဲမှ ၅၅၂ နှင့် ၅၆၄ တပ်ရင်းများကို AA က အပြီးသတ်သိမ်းပိုက်ထားသည်။

AA သည် မောင်တောခရိုင်အား အပြင်းအထန် ထိုးစစ်ဆင်နေခြင်းမှာ ရခိုင်ပြည်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုရရှိရေးကို ဦးတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြသည်။ 

“စစ်ကောင်စီကတော့ ဗမာပြည်ဘက်က အဝင်အထွက်ပိတ်လိုက်ရင် ရခိုင်ပြည်သူတွေ ငတ်မွတ်တော့မယ်လို့ ထင်ထားပုံရတယ်။ ဒါကြောင့် ဗမာပြည်နဲ့ ရခိုင် ကုန်သွယ်မှု ရပ်တန့်နေတာကြာပြီ။ AA ကတော့ ပြည်သူတွေ စားနပ်ရိက္ခာဖူလုံဖို့၊ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းဖို့အတွက် လမ်းကြောင်းအဆင်ပြေစေဖို့ မောင်တောခရိုင်ကို အဓိက တိုက်နေတာလို့ မြင်တယ်” ဟု ရခိုင်နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။ 

တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ ဧပြီလ ၂၆ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသတွင် ည (၇) နာရီမှ နံနက် (၆) နာရီအထိ ညမထွက်ရအမိန့်ကို AA ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီနှင့် AA တို့သည် မောင်တောခရိုင်အပြင် အမ်းနှင့် သံတွဲမြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေသည်။ ရခိုင်တိုက်ပွဲ ၅ လကျော်အတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။ 

ဗီဒီယိုများ