ဘူးသီးတောင် ခလရ(၂၃၄)မှပစ်ခတ်သည့် လက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး သေဆုံး 

ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၃၄)တပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒုံးချောင်း(ရခိုင်)ရွာမှ အမျိုးသမီးတစ်ဦး သေဆုံးသွားသည်။

By Admin 01 May 2024

ဘူးသီးတောင် ခလရ(၂၃၄)မှပစ်ခတ်သည့် လက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး သေဆုံး 

DMG ၊ မေ ၁ 

ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၃၄)တပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒုံးချောင်း(ရခိုင်)ရွာမှ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

အသက် (၃၆)နှစ်အရွယ် ဒေါ်မမြဝင်းမှာ ဧပြီ ၃၀ ရက်က မိမိနေအိမ်၌ရှိနေစဉ် စစ်ကောင်စီ လက်နက်ကြီးကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

“အဲဒီတပ်က ရွာဘက်ကို လက်နက်ကြီး ၄ ကြိမ်လောက်ပစ်တယ်။ လက်နက်ကြီးတစ်လုံးက ရွာထဲကိုကျတယ်။ အဲဒီမှာ ထိမှန်သွားတာ။ ကျည်စတွေက ဝမ်းဗိုက်တည့်တည့်မှာထိတော့ အူတွေထွက်ပြီး တစ်ခါတည်းဆုံးသွားတာ” ဟု ဘူးသီးဒေသခံတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် အာရက္ခတပ်တော် (AA)က ထိုးစစ်အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီဘက်လည်း တပ်စခန်းများမကျရှုံးရေး ကြည်း၊ လေပူးပေါင်းခုခံနေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။

“တိုက်ပွဲက နေ့တိုင်းဖြစ်နေတာ။ တစ်ရက်ထက်တစ်ရက် ပြင်းသထက်ပြင်းလာတယ်” ဟု ဘူးသီးတောင်ဒေသခံ နောက်တစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်ရှိ စကခ (၁၅) လက်အောက်ခံ ခမရ ၅၅၂ နှင့် ၅၆၄ တပ်ရင်းများကို AA က အပြီးသတ် သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် (ခမရ) ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၆၅ အပါအဝင် ခြေလျင် တပ်ရင်း(ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း (အမတ) ၃၇၈ တို့ကို တိုက်ခိုက်နေသည်။

ရခိုင်စစ်မြေပြင်တွင် အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်လျက်ရှိသည်။

DMG က လက်လှမ်းမီသလောက် ကောက်ယူထားသောစာရင်းအရ ရခိုင်တွင် ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၈၅ ဦးအထိရှိသည်။ (မြေပြင်တွင် ယခုထက်ပို၍ များနိုင်ပါသည်။)

ဗီဒီယိုများ