၂၀၁၇ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်ရဲ့ ငါး/ပုစွန်ထုတ်လုပ်မှု ကျဆင်းသွားတာကြောင့် ပြည်ပနိုင်ငံသို့တင်ပို့ ရောင်းချတဲ့ ငါး/ပုစွန်တင်ပို့မှုဟာလည်း ယခင်နှစ်တွေထက် နည်းပါးသွားတယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ မောင်တောပြဿနာဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ရဲ့ငါးထုတ်လုပ်မှုဟာ ထက်ဝက်ခန့် နီးပါးကျဆင်းသွားခဲ့ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာလည်း ပိတ်ထားခဲ့ရပါတယ်။ လက်ရှိမှာ တိုင်းရင်းသား အနည်းငယ်သာ ငါးဖမ်းဆီးမှုတွေရှိပြီး ပြည်ပတင်ပို့မှုဟာလည်း အနည်းအကျဉ်းမျှသာ ရှိတယ်လို့ သိရပါတယ်။

မောင်တောဒေသအတွင်း အကြမ်းဖက်ဖြစ်စဉ်ကြောင့် ငါးဖမ်းစက်လှေ အစီး ၅၀၀ ခန့်ဟာ ငါးဖမ်းဆီးမှုလုံးဝရပ်ဆိုင်းသွားခဲ့ပြီး လက်ရှိမှာတော့ မောင်တောဒေသအတွင်းမှာ ငါးဖမ်းဆီးမှု မရှိသလောက်ဖြစ်နေပြီး ရသေ့တောင်၊ အငူမော်ကမ်းခြေ တစ်လျှောက်မှာတော့ တိုင်းရင်းသားလှေငယ်တွေ အနည်းအကျဉ်းမျှသာ ငါးဖမ်းဆီးနေကြတာလည်း ဖြစ်ပါတယ်။

သတင်း - နေဝင်းစံ