dtv news - တိုင်းရင်းသားဒေသရှိ မီဒီယာတွေစုဖွဲ့ပြီး နှစ်စဉ်ကျင်းပလာတဲ့ (၆) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမမှာ ယနေ့ ဧပြီလ ၂၇ ရက်နေ့ကစပြီး သုံးရက်ကြာ ကျင်းပနေတယ်လို့ သိရပါတယ်။ ညီလာခံသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦဖေမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ KNU အလုပ်အမှုဆောင်အဖွဲ့ဝင် စောသမိန်ထွန်း၊ တိုင်းရင်းသားလူမျိုးရေးရာ ပြည်ထောင်စု ဝန်ကြီး ဦးနိုင်သက်လွင်တို့နှင့် သတင်းမီဒီယာအဖွဲ့အစည်းများမှ တာဝန်ရှိသူတွေ၊ သတင်းမီဒီယာသမားတွေ ၂၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - နေရောင်မင်း (စစ်တွေ)

dtv news - ဇန်နဝါရီလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မြောက်ဦးဆန္ဒဖော်ထုတ်မှုမှာ အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ရပြီး အဲဒီဆန္ဒဖော်ထုတ်မှုမှာပါဝင်တယ်ဆိုတဲ့အမှုနဲ့ ဖမ်းဆီးထားသူ ၈ ဦးကို ဧပြီလ ၂၃ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးမှာ ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ၂၂၃ နှစ်မြောက် ရခိုင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်းအထိမ်းအမှတ် စာပေပြောဟောပွဲကို မြောက်ဦးမြို့ နန်းတော်ရာကုန်းမှာကျင်းပမယ့်အစီအစဉ်ကို ကျင်းပချိန်အနီးကပ်မှ အစိုးရကတားမြစ်လိုက်တာ ကနေ ဆန္ဒဖော်ထုတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး မြောက်ဦးခရိုင်ထွေ/အုပ်ရုံးရှေ့မှာ ဟောပြောပွဲလာရောက်တဲ့ ပြည်သူတွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုတွေရှိတဲ့အထိ အခြေအနေတွေတင်းမာခဲ့ပါတယ်။

သတင်း - နေဝင်းစံ

dtv news - ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူငယ် ၁၀၀ ဦးကို ပထမဆုံးအကြိမ်အဖြစ် အခြေခံမီးသတ်သင်တန်းကို ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့ကစတင်ပြီး ၂ ပတ်ကြာ စာတွေ့၊လက်တွေ သင်ကြားပို့ချပေးနေတယ်လို့ သိရပါတယ်။ အခုလို မီးသတ်သင်တန်းတက်ရောက်သူတွေဟာ အလယ်တန်းကျောင်းသားတွေဖြစ်ပြီး စစ်တွေမြို့ အ.ထ.က(၂) ကျောင်းမှာ အဲဒီသင်တန်းကို ပို့ချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ခိုင်ရိုးလ

dtv news - လာမယ့် မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ တောင်ကုတ်မြို့ပေါ်မှာ လက်ခံကျင်းပသွားမယ့် ရခိုင် တစ်မျိုးသားလုံးဆိုင်ရာ လူငယ်ညီလာခံကျင်းပနိုင်ရေးအတွက် တောင်ကုတ်မြို့ပေါ်က အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ဧပြီလ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ လူငယ်ညီလာခံကို တောင်ကုတ်မြို့ပေါ်မှာ လက်ခံကျင်းပနိုင်ရေးအတွက် မြို့ခံအရပ်ဖက် လူမှုအဖွဲ့အစည်းတွေက လက်ခံကျင်းပရေးကော်မတီ ၄ ရပ်ကိုဖွဲ့စည်းပြီး ညီလာခံလက်ခံကျင်းပရေးကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်ခဲ့ကာ ပွဲကျင်းပခွင့်ကိစ္စရပ်များ၊ ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ၊ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ညီလာခံလက်ခံကျင်းပရေးနှင့် ပတ်သက်လို့ လူငယ်ညီလာခံကျင်းပရေးဦးဆောင်ကော်မတီ ဦးဝင်းဇော်က ပြောပါတယ်။

သတင်း -စိမ်းကိုကို

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်အခြေအနေအပေါ် ဂျာနယ်လစ်တွေရဲ့အသံကို စစ်တမ်းကောက်ယူ မှုတွေပြုလုပ်နေ (ရုပ်သံ) မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်အခြေအနေအပေါ် ဂျာနယ်လစ်တွေ၊ အယ်ဒီတာတွေနဲ့ မီဒီယာ လုပ်ငန်းရှင်တွေရဲ့ အမြင်အယူအဆ၊ စိုးရိမ်ပူပန်မှုတွေကို အစိုးရဆီစုစည်းတင်ပြနိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းက မီဒီယာလွတ်လပ်ခွင့်အခြေအနေတွေကိုတော့ ဧပြီလ ၂၁ ရက်နေ့က စစ်တွေမြို့မှာ ဂျာနယ်လစ် ၁၀ ဦးကျော်ဆီကနေ သဘောထားအမြင်တွေကို ကောက်ယူခဲ့ကြပါတယ်။

သတင်း - နေဝင်းစံ