NLD အစိုးရတက်လာပြီးနောက်ပိုင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ များလာမယ်လို့ ရခိုင်ဒေသခံတွေက မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် စက်ရုံအလုပ်ရုံတွေ နည်းပါးတဲ့နေတာကြောင့် ဆယ်ကျော်သက်အရွယ် လူငယ်တွေ၊ အမျိုးသမီးတွေဟာ အရင်က အမျိုးသားတွေအများစု လုပ်ကိုင်ကြတဲ့ ကျောက်ထမ်း၊ သဲထမ်း ပန်းရံလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရပါတယ်။ 

မောင်တောခရိုင်အတွင်း ၂၀၁၈ ခုနှစ် ၊ မိုးစပါးစိုက်ပျိုးရာသီမှာ စိုက်ပျိုးဖို့ လျှာထားခဲ့တဲ့ လျှာထားချက်ပြည့် မီ အောင် စိုက်ပျိုးနိုင်မှု မရှိခဲ့ဘူးလို့သိရပါတယ်။ မောင်တောခရိုင်အတွင်းမှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း စိုက်ပျိုးနိုင်ရန်အတွက် လယ်မြေ ဧက ၁၇၀၀၀ ကျော်ကို လျှားထားခဲ့ပေမယ့် အမှန်တကယ် စိုက်ပျိုးတဲ့ အချိန် မှာတော့ လျာထားသလောက် စိုက်ပျိုးနိုင်မှုမရှိဘူးလို့ မောင်တောခရိုင် စိုက်ပျိုးရေးမှူး ဦးသာကျော်က ပြောပါတယ်။

သတင်း - ဝံသ(မောင်တော)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ဒုက္ခသည်စခန်းကို အပြီးတိုင်ပိတ်သိမ်းလိုက်ပြီးစခန်းတွင်းနေထိုင်သူတွေကိုနိဒင်ကျေးရွာရဲ့အနောက်ဘက်လယ်ကွင်းမှာပြန်လည်နေရာချပေးထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်ကပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် ကျောက်တော်မြို့ပေါ်ကနေ လူဦးရေ ၅၀၀ ကျော်ဟာ နိဒင်ကျေးရွာရဲ့ ဒုက္ခသည်စခန်းကိုရောက်ရှိသွားခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာနေထိုင်သူတွေရဲ့သဘောတူညီချက်ကိုရယူကာ စခန်းကိုပိတ်သိမ်းခဲ့ပြီး အခုအခါ အိမ်ထောင်စု ၈၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ကို အိမ်ထောင်စု ၁ စုချင်းအလိုက်နေအိမ်တွေဆောက်လုပ်ပေးပြီး ပြန်လည်နေရာချပေးထားတယ်လို့သိရပါတယ်။

သတင်း- နေဝင်းစံ

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရုံးထုတ်စစ်ဆေးတဲ့ ရုံးချိန်းတိုင်းမှာ လုံခြုံရေးအကြောင်းအရ တစ်ခြားအမှုရင်ဆိုင်နေရသူတွေကို ရုံးထုတ်စစ်ဆေးခြင်းမရှိတဲ့အတွက် နစ်နာမှုတွေရှိနေပြီး ဒါတွေကို ဖြေလျော့ပေးဖို့ လိုအပ်တယ်လို့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။ သြဂုတ်လ ၆ ရက်နေ့ အကြိမ် ၂၀ မြောက်ရုံးထုတ်စစ်ဆေးခဲ့တဲ့ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ရဲ့ ရုံးချိန်မှာ စာရေးဆရာဝေဟင်အောင်ရဲ့ ဟောပြောချက် အသံဖိုင်ကို သက်သေအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ဟောပြောချက်ကို မြန်မာလိုပြန်ဆိုထားတဲ့ စာမျက်နှာ ၁၂ မျက်နှာထဲမှ ၇ မျက်နှာကိုသာ မှတ်တမ်းတင်နိုင်ခဲ့တဲ့အတွက် ကျန်တဲ့အမှုရင်ဆိုင်နေရသူတွေမနစ်နာစေဖို့ လုံခြုံရေးပိုင်းက ပြန်လည်စဉ်းစားပေးဖို့ စာရေးဆရာဝေဟင်အောင်က ပြောဆိုခဲ့တာပါ။

သတင်း - ခိုင်ရိုးလ

ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို သြဂုတ်လ ၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ခဲ့ကြပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ အမြန်ဆုံးလွတ်မြောက်စေရေး ဆုတောင်းပွဲကို တက်ရောက်လာတဲ့ လူပေါင်း ၁၀၀ ကျော်ဟာ အတုလမာရဇိန်ဘုရားကြီးမှာ ပန်း၊ဆီးမီးတွေထွန်းညှိ ပူဇော်ခဲ့ကြသလို ဆရာတော်များထံကလဲ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆုတောင်းပွဲကိုတော့ တက်ကြွလှုပ်ရှားသူတွေကဦးဆောင်ပြီး တာဝန်သိရက္ခိတများဆိုတဲ့ အမည်နဲ့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ ဆုတောင်းပွဲရည်ရွယ်ချက်ကတော့ ရခိုင်ပြည်သူ တစ်ရပ်လုံးရဲ့ခံစားချက်ကို အာဏာပိုင်အစိုးရသိစေချင်တဲ့အတွက်ဖြစ်တယ်လို့ ဆုတောင်းပွဲမှာ ဦးဆောင်ပါဝင်သူ ဒေါ်ကျော့စိန်ကပြောပါတယ်။

သတင်း - နေဝင်းစံ

စစ်တွေမြို့အတွင်းက ကျူးကျော်နေထိုင်သူတွေကိုဖယ်ရှားသွားဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက စီစဉ်နေပြီး လတ်တလောမှာတော့ ကျူးကျော်နေထိုင်သူတွေရဲ့စာရင်းကို ကောက်ယူပြုစုနေတယ်လို့ သိရပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ စစ်တွေမြို့အတွင်းက မီးလောင်မြေနေရာတွေနဲ့ အစိုးရပိုင်မြေနေရာတွေမှာ နေထိုင်နေကြတာဖြစ်တဲ့အတွက် ဒါတွေကိုဖယ်ရှားပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မင်းဂံရပ်ကွက်ကမြေနေရာမှာ ပြန်လည်နေရာချထားပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စည်ပင်ဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။

သတင်း - နေဝင်းစံ

မောင်တောမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးတာတွေနဲ့ မော်တောယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေရဲ့ တန်ချိန်တွေကို မောင်တောခရိုင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဦးစီးဌာနက တိုင်းတာမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ စည်းကမ်းပိုင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ပြုလုပ်ရတာနဲ့ ပတ်သက်ပြီး မောင်တောခရိုင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာမှူး ဦးဇော်မင်းက အခုလို ရှင်းပြပါတယ်။

သတင်း - ဝံသ (မောင်တော)