မြန်မာနိုင်ငံကပေးပို့ထားတဲ့ ပုံစံစာရွက်တွေမှာ အချက်အလက်ဖြည့်နည်းတွေကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ သင်ပြပေးတာမရှိဘူး ဘင်္ဂါလီတွေပြန်လာဖို့ မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ကို ပို့ပေးထားတဲ့ ပုံစံစာရွက်တွေမှာ အချက်အလက်ဖြည့်နည်းတွေကို ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ သင်ပြပေးတာမရှိဘူးလို့ ခိုးဝင်လာတဲ့ဘင်္ဂလီတွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၆၂ ဦးကို မြန်မာနိုင်ငံရဲ့ လဝကဥပဒေနဲ့ တရားစွဲဆိုအကျဉ်းချထားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက ဒီနှစ်မေလထဲမှာ ပြစ်ဒဏ်မှလွတ်ငြိမ်း ချမ်းသာနဲ့ ပြန်လည်လွှတ်ပေးပြီး လှဖိုးခေါင်ဒုက္ခသည်စခန်းမှာ နေရာချထားပေးတဲ့အခါ ဘင်္ဂါလီအချို့က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းအကြောင်း DMG ကိုပြောဆိုခဲ့တာဖြစ်ပါတယ်။ မြန်မာဘက်ကိုပြန်သွားနိုင်မယ့် စာရွက်စာတမ်းဖြည့်စွက်ရမယ့်ကိစ္စရပ်တွေကို ဘင်္ဂလားဒေရှ့် အစိုးရက သင်ပြပြောဆိုမှုတွေမရှိသလို ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းမှာ ၃ လကြာနေထိုင်ခဲ့စဉ်က စားဝတ် နေရေးအဆင်မပြေမှုတွေကြောင့် မြန်မာပြည်ကိုခိုးဝင်လာခဲ့တာဖြစ်တယ်လို့ မာမူအာလောင်က ပြောပါတယ်။

သတင်း - ဝံသ (မောင်တော)

ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ အများပြည်သူပိုင်တဲ့ ဂေါက်ကွင်းမှာ ခွင့်ပြုချက်တစုံတရာမရှိဘဲ အဆောက်အဦအခိုင်အမာတည်ဆောက်ကာ အရက်ဆိုင်ဖွင့်လှစ်ရောင်းချနေတာကို ဒေသခံတွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ဂေါက်ကွင်းသာယာသန့်ရှင်းရေးဆောင်ရွက်ဖို့ ရန်ပုံငွေရရှိအောင် ဂေါက်ကလပ်အဖွဲ့က ငှားရမ်းထားပြီး ၄င်းလုပ်ငန်းရှင်အနေနဲ့ အဆောက်အဦးအခိုင်အမာတည်ဆောက်ကာ အရက်ဆိုင်ဖွင့်လစ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ခွင့်ပြုချက်ရယူထားတာ မရှိဘူးလို့ အစိုးရရပ်ကွက်နေ ဦးခင်ထွန်းက ပြောပါတယ်။

သတင်း - ခိုင်မင်း (ကျောက်ဖြူ)

မောင်တောဒေသကို အထူးဥပဒေတွေပြဌာန်ပေးဖို့ အစိုးရနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို ဒေသခံတွေ တောင်းဆို ဘင်္ဂါလီအရေးကိစ္စတွေနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ တရားဥပဒေစိုးမိုးမှု အလွန်အားနည်းတဲ့အတွက် ဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ မောင်တောဒေသအတွက် အထူးဥပဒေတွေပြဌာန်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို ဒေသခံတွေ တောင်းဆိုလိုက်ပါတယ်။ မောင်တောမြို့ သိရိမင်္ဂလာခန်းမမှာ ဒီကနေ့ ဇွန်လ ၂ ရက်နေ့ နေ့လည်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မောင်တောဒေသခံပြည်သူတွေ တွေ့ဆုံပွဲမှာ ဒေသခံတွေကဘက်က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

သတင်း - ၀ံသ (မောင်တော)

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာတိုက်ခတ်ခဲ့တဲ့မုန်းတိုင်းအတွင်း စက်လှေနစ်မြုပ်ပြီး သံတွဲမြို့နယ်အတွင်း ကနေ ဧရာဝတီတိုင်းကိုမျောပါသွားတဲ့ ရေလုပ်သား ၇ ဦးဟာ မိမိရဲ့နေရပ် ရခိုင်ပြည်နယ်ထဲကို အသက် ရှင်လျက် ပြန်လာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ ရေလုပ်သား ၇ ဦးဟာ စက်လှေတစ်စီးထဲနဲ့ ကျောပစ်ချငါးဖမ်းထွက်ရာကနေ မေလ ၂၉ ရက်နေ့မှာ လေပြင်း မုန်တိုင်းအရှိန်ကြောင့် စက်လှေနစ်မြုပ်ခဲ့ရပြီး ပင်လယ်ရေထဲမျောပါကာ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ် ကွင်းပေါက်ကျေးရွာအထိ မျောပါသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း - မျိုးမြင့်ဇော်

မောင်တောမြို့နယ်အတွင်းမှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် လုပ်ကိုင်သူမဲ့ဖြစ်နေတဲ့ လယ်ဧက ၇ သောင်းကျော်ကို အခုနှစ်မိုးရာသီမှာ ထွန်ယက်စိုက်ပျိုးဖို့ကို မဆုံးဖြတ်ရသေးဘူးလို့ ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ ပြည်နယ်ဦးစီးမှူး ဦးတိုးဝေက ပြောပါတယ်။ အခုလို လုပ်ကိုင်သူမဲ့ လယ်ဧက ၇ သောင်းကျော်ကို ကုမ္ပဏီတွေဆီ ငှားရမ်းလုပ်ခွင့်ပေးမယ်ဆိုတာ ဟာလည်းမဟုတ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက ငြင်းဆိုလိုက်ပါတယ်။

သတင်း - ခိုင်ရိုးလ

မာန်အောင်မြို့နယ်တွင်း မိုးစပါးချေးငွေ ပြန်ဆပ်တဲ့အခြေအနေဟာ ဇွန်လ တစ်ရက်နေ့ အထိ ၇၃.၄၇ ရာခိုင်နှုန်းထိ ပေးဆပ်ပြီးဖြစ်ကာ ဇွန်လကုန်တဲ့အထိ ချေးငွေပေးဆပ်မှုမရှိသူတွေကိုတော့ စာချုပ်ပါ ဥပဒေ အတိုင်း ဆောင်ရွက်သွားမယ်လို့ မာန်အောင်မြို့နယ်၊ မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်ကသိရပါတယ်။ မာန်အောင်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးဈေးငွေကို ဇွန်လ အကုန်နောက်ဆုံးထားပြီး ပေးဆပ်ရန် ထုတ်ပြန် ထားပြီး ဇွန်လကုန်အထိ ပေးဆပ်မှုမရှိသူတွေကို စာချုပ်ပါအတိုင်း အရေးယူဆောင်ရွက်သွားမဲ့အကြောင်း မာန်အောင်မြို့နယ်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးအုံးရွှေကဆိုပါတယ်။

သတင်း - အောင်ကောင်းဇော်

dtv news - ဘင်္ဂလားဒေရှ့်အစိုးရကတစ်ဆင့် လွှဲပြောင်းပေးခြင်းမဟုတ်ဘဲ မိမိတို့ဘာသာ မြန်မာနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာကြတဲ့ ဘင်္ဂါလီ ၆၂ ဦးကို ရခိုင်ပြည်နယ်ကိုရောက်ရှိလာခဲ့တဲ့ ဂျပန်နိုင်ငံ သံအမတ်ကြီးနဲ့အဖွဲ့က မနေ့ကသွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဝံသ (မောင်တော)