ဇန်နဝါရီလ ၁၈ ရက် ၊ ၂၀၁၈ ခုနှစ်။      ။ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဇန်နဝါရီလ ၁၈ ရက် နေ့လည် ၁ နာရီက စစ်တွေမြို့ အိုးတန်းရပ်ကွက်မှာရှိတဲ့ သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားပြီး စစ်တွေမြို့အမှတ်(၁)ရဲစခန်းကို ခေါ်ဆောင်သွားကာ စစ်ဆေးမှုတစ်ချို့ပြုလုပ်ခဲ့ပြီးတော့ စစ်တွေအကျဉ်းထောင်မှာထိန်းချုပ်ထားဖို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက် အထိမ်းအမှတ်စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ ဒေါက်တောအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင် တို့နှစ်ဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ မတရားအသင်းဆက်နွယ်မှုတွေနဲ့ ရသေ့တောင်မြို့နယ် ရဲစခန်းက တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါက်တာအေးမောင်ကို တရားစွဲဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် DMG က ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ ရသေ့တောင်စာပေဟောပြောပွဲမှာ ဥပဒေချိုးဖောက်ပြီး ဟောပြောခဲ့တာမရှိဘူးလို့ ပြောပါတယ်။

သတင်း - နေဝင်းစံ

Author: နေဝင်းစံ