နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ကျောင်းသားလေးဦးကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်တွေ မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ကျောင်းသားလေးဦး စစ်တွေထောင်အချုပ်မှ စစ်တွေမြို့နယ်တရားရုံးသို့ အချုပ်ကားဖြင့် ရောက်ရှိပြီးနောက် အချုပ်ကားမှဆင်းစဉ် အဆိုပါ ကျောင်းသားများအပါအဝင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူတချို့က တရားရုံးပရဝုဏ်အတွင်း တရားစီရင်ရေးကြန့်ကြာနေမှု၊ အကြမ်းဖက်ဥပဒေနှင့် တရားစွဲဆိုခံထားရသောအမှုများကို ဆိုင်းငံ့ထားခြင်းအား ချက်ချင်းအမိန့်ချပေးရေး၊ အပြစ်မဲ့ပြည်သူများအား ချက်ချင်းလွှတ်ပေးရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

ယနေ့ ရုံးချိန်းတွင် တရားသူကြီးမှ အမှုနှင့်ပတ်သတ်ပြီး အမိန့်မချပေးသည့်အတွက် ကျောင်းသားလေးဦးသည် အမိန့်မချလျှင် ထောင်အချုပ်သို့မပြန်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ရုံးရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက တရားစွဲဆိုခံ ကျောင်းသားများကို အင်အားအများအပြားသုံး၍ အချုပ်ကားထဲသို့ဆွဲခေါ်ပြီး စစ်တွေအကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားသည်ကို DMG မှ တွေ့ရှိခဲ့ရသည်။

 

Author: DMG