▪ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ စစ်မှုထမ်းဟောင်းပိုင်မြေနေရာတစ်ချို့ကို အရပ်သားတွေထံ ရောင်းချထားမှု၊ စစ်မှုထမ်းဟောင်းတွေက မြေနေရာလျှောက်ထားပေမယ့် ထုတ်ပေးမှုမရှိတာတွေကြောင့် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌရဲ့ မြေနေရာစီမံဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ တောင်ကုတ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေက ပြောဆိုထားပေမယ့် ဥက္ကဌဖြစ်တဲ့ ဗိုလ်ကြီးတင်အုန်းကတော့ အဲ့ဒါကို ငြင်းဆိုထားပါတယ်။

▪ ရခိုင်ပြည်နယ်ရဲ့ ၂၀၁၆ - ၁၇ ဘက်ဂျက်ငွေထဲက ပိုလျှံငွေ ၄.၄၂ ဘီလီယံကို ပြည်နယ်အစိုးရက ပြန်မအပ်ဘူးလို့ ဖမ်းဆီးခံထားရတဲ့ အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က မနေ့က ရုံးထုတ်တဲ့အခါ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မြောက်ဦးပဋိပက္ခဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့အတွက် ရခိုင်ပြည်နယ်လွှတ်တော်က မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့အတွက် မဲခွဲဆုံးဖြတ်ခဲ့တဲ့အခါမှာ အစည်းအဝေးတက်ရောက်လာတဲ့ ကိုယ်စားလှယ် ၄၀ ဦးအနက် ကန့်ကွက်မဲ ၁၆ မဲ၊ ကြားနေမဲ ၄ မဲနဲ့ ထောက်ခံမဲ ၂၀ မဲ ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးနေရာကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပူးတွဲတာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

နှစ်ပါတီပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ရခိုင်မျိုးချစ်ပါတီဖက်က ကမ်းလှမ်းလာမှုအပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနှင့် ပါတီညီလာခံပြီးမှသာ အဆုံးအဖြတ်ပေးနိုင်မှာဖြစ်တယ်လို့ အကြောင်းပြန်ကြောင်း ရခိုင်မျိုးချစ်ပါတီက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေ ပြန်လာမယ်ဆိုရင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားက အဓိကအချက်ဖြစ်တယ်လို့ တောင်တောပြိုလက်ဝဲမြို့ လက်ခံရေးစခန်းမှ လဝက အရာရှိတစ်ဦးက ပြောဆိုလိုက်ပါတယ်။

 ရခိုင်ပြည်နယ်အတွင်းက ဌာနဆိုင်ရာတွေရဲ့ ပိုလျှံရံပုံငွေကို ပြန်လည်သုံးစွဲခွင့်အတွက် အတည်ပြုချက်ယူနိုင်ဖို့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ခေါ်ယူထားတယ်လို့ သိရပါတယ်။

ပိုလျှံရံပုံငွေသုံးစွဲခွင့် သုံးစွဲနိုင်ရေးအတည်ပြုချက်အပြင် မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့လည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့စည်းပြီးတော့ အတည်ပြုသွားမှာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဦးမြသန်းကပြောပါတယ်။