ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မိဇံရပ်ကွက်မြစ်ကမ်းဘေးမှာ မြေသားတွေဖို့ပြီး မြို့သစ်စီမံကိန်းမြေနေရာအဖြစ် ကိုးရီးယားကုမ္မဏီတစ်ခုဖြစ်တဲ့ BXT ကုမ္မဏီက အကောင်အထည်ဖေါ်နေတဲ့ မြေနေရာတွေကို ဇန်နဝါရီလ ၆ ရက်နေ့ကနေ စတင်ရောင်းချပေးတော့မှာဖြစ်ပါတယ်။

အဆိုပါမြေနေရာဟာ စစ်တွေမြို့အရှေ့ဖက် ကုလားတန်မြစ်ကမ်းဘေးမှာရှိတဲ့ ဒီရေရောက် မြေဧက ၉၀ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကိုးရီးယား BXT ကုမ္မဏီတို့က Waterfront Project စီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ စီမံကိန်းမိတ်ဆက်စာနယ်ဇင်းရှင်းပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ Centra Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ ပညာရေးဝန်ထမ်း ၉၆ ဦးကို အရေးယူမှုတွေ  ပြုလုပ်ခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

အခုလို အရေးယူမှုတွေဟာ အဓိကအားဖြင့် ကျောင်းမတက်တာတွေအပြင် ငွေကြေးနဲ့ပတ်သက်တဲ့ ပညာရေး ဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ပညာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့၊ ကျောင်းတက်မှန်ဖို့နဲ့ ကလေးတွေကို စာတတ်အောင် သင်ကြားပေးဖို့အပါအဝင် ကျောင်းထောက်ပံ့ကြေးငွေတွေကို သက်ဆိုင်ရာဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ စနစ်တကျ ကိုင်တွယ်သုံးစွဲလို့ရှိရင် ပြဿနာမရှိဘူးလို့လည်း ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်ရဲ့ ငါး/ပုစွန်ထုတ်လုပ်မှု ကျဆင်းသွားတာကြောင့် ပြည်ပနိုင်ငံသို့တင်ပို့ ရောင်းချတဲ့ ငါး/ပုစွန်တင်ပို့မှုဟာလည်း ယခင်နှစ်တွေထက် နည်းပါးသွားတယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ မောင်တောပြဿနာဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ရဲ့ငါးထုတ်လုပ်မှုဟာ ထက်ဝက်ခန့် နီးပါးကျဆင်းသွားခဲ့ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာလည်း ပိတ်ထားခဲ့ရပါတယ်။ လက်ရှိမှာ တိုင်းရင်းသား အနည်းငယ်သာ ငါးဖမ်းဆီးမှုတွေရှိပြီး ပြည်ပတင်ပို့မှုဟာလည်း အနည်းအကျဉ်းမျှသာ ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်လို့ ရိုက်ကူးနေတဲ့ ရခိုင်ဗွီဒိယိုဇာတ်ကားမှာ ရဲဝန်ထမ်းဇာတ်ရုပ်တွေကို ရိုက်ကူးဖို့အတွက် ရဲဌာနရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရတာကြောင့် အချိန်ကြံကြာပြီး ရိုက်ကူးရေးပိုင်းမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ ဇာတ်ကားဒါရိုက်တာက ပြောပါတယ်။

“ အလိဇီ ” လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ ရဲပါဝင်တဲ့ရုပ်ကွက်တွေကို ရိုက်ကူးဖို့စောင့်ဆိုင်းနေရကာ အချိန် ၂ လခန့်ကြာတဲ့အထိ ခွင့်ပြုတယ်၊ ခွင့်မပြုဘူးဆိုတဲ့အဖြေကို မရရှိသေးဘူးလို့ အလိဇီဇာတ်ကားရဲ့ ဒါရိုက်တာ မင်းစုစံက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ပြည်နယ်လုံးက ကျောင်းသား၊ ကျောင်းသူပေါင်း ၂၂၆၀၇ ဦးက ကျောင်းတွင်းကနေ ဝင်ရောက်ဖြေဆိုမှာဖြစ်ပြီးတော့ စာမေးပွဲကာလမှာ မသမာမှုကင်းရှင်းရေးကို အဓိကဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မသမာမှုကင်းရှင်းရေးအစီအစဉ်ကို ပြီးခဲတဲ့နှစ်ကနေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီးတော့ ဒီနှစ်မှာလည်း မသမာမှုတွေကင်းရေးအတွက် အဓိထားဆောင်ရွက်နေကာ အပြင်ဖြေကျောင်းသားအရေအတွက်ဟာလည်း လျော့ကျသွားနိုင်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်က DMG ကို ပြောပါတယ်။

မြန်မာနိုင်ငံတစ်ခုလုံးရှိ မြို့တွေမှာ 4G ကွန်ယက်များနဲ့ Internet အသုံးပြုနေချိန်မှာ အနောက်ဖက်နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မောင်တောမြို့မှာတော့ MPT 3 G / Telenor 2G ကွန်ယက်များဖြင့်သာ ချိတ်ဆက်အသုံးပြုနေရတာကြောင့် အင်တာနက်သုံးစွဲသူတွေ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးပိုင်းတွေမှာ အများဆုံးနိမ့်ကျနေပြီးတော့ ဒေသတွင်းအခက်အခဲမျိုးစုံနဲ့လည်း ရင်ဆိုင်နေရပါတယ်။