ခင်သရဖီဦး/DMG၊ ဒီဇင်ဘာ ၄၊ စစ်တွေ

ကမန်လူမျိုးအမည်ကို အသုံးပြု၍ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်မှုများ မရှိသော သက်ဆိုင်ရာတာဝန်ရှိသူများကို အရေးယူအပြစ်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP ) က ဒီဇင်ဘာလ (၃) ရက်နေ့က တောင်းဆိုလိုက်သည်။

ရမ်းဗြဲမြို့နယ်တွင် ကမန်လူမျိုးအမည်ခံကာ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးခြင်းနှင့် ပတ်သက်ပြီး ANP က စောင့်ကြည့်ခဲ့ရာတွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ယခုနှစ် သြဂုတ်လကြားတွင် အမျိုးသား (၁၄၅၆) ဦး၊ အမျိုးသမီး (၁၈၅၀) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးခဲ့သည်မှာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိသည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်ထဲမှာဖော်ပြသည်။

 မြန်မာနိုင်ငံ အနှံ့အပြားတွင် ကမန်လူမျိုးအမည်ကို အသုံးပြုကာ နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးထားသော ဘင်္ဂါလီ (၅၀၀၀) ဦး ရှိနေပြီးဖြစ်၍  အနာဂတ်တွင် ကြီးမားသော နိုင်ငံရေး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ခြင်း ကြောင့် အစိုးရအနဖြင့် ပြည်သူအကျိုးကို ရှေးရှုပြီး နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးမှုနှင့် ပတ်သက်ပြီး စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် ဆက်လက်တောင်းဆိုသည်။

ယင်းအပြင် ဘင်္ဂါလီ(၃၃၀၆)ဦးအား နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးထားခြင်းနှင့် ပတ်သတ်ပြီး ပွင့်လင်းမြင်သာသော  စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး ပြန်လည်စိစစ်ကာ ဥပဒေနှင့်အညီ မဟုတ်ဘဲ ထုတ်ပေးထားသောကဒ်များကို ရုပ်သိမ်းပေးရန်လည်း တောင်းဆိုထားသည်။

ဘင်္ဂါလီများကို ကမန်အမည်ဖြင့် မှတ်ပုံတင်ထုတ်ပေးခြင်းနှင့်ပတ်သက်ပြီး ကမန်အမျိုးသားတိုးတက်ရေး ပါတီ၊ ကမန်တိုင်းရင်းသားလူမူကွန်ယက်၊ ကျောက်နီမော်ကျေးရွာနေ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည့် ရခိုင်မျိုးနွယ်စုဝင်မျုားနှင့် ရမ်းဗြဲမြို့ရှိရဟန်း၊ ပြည်သူများ၊ လူမှုအဖွဲ့အစည်းများကလည်း ပြန်လည်စိစစ်ပေးရန် နိုင်ငံတော်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတောင်း ဆိုထားသည်။