အောင်ကောင်းဇော်၊ DMG
စက်တင်ဘာ၁၁၊ ရမ်းဗြဲ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အတွင်းရှိ ဘင်္ဂါလီများအား ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ထုတ် ပေးနေခြင်းကိစ္စကို ဒေသခံ များအနေနှင့် ကျေနပ်မှု ရှိ/မရှိ ဒေသခံလူမှုအဖွဲ့အစည်းများမှ လက်မှတ်များကောက်ခံနေကြောင်းသိရသည်။
အဆိုပါ လက်မှတ်ကောက်ယူမှုကို ကျောက်နီမော်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများထံမှ ကောက်ယူနေခြင်းဖြစ်ပြီး လက်မှတ်များကို နိုင်ငံတော်သမ္မတရုံးအထိ တင်ပြကာ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုပါ ပြုလုပ်သွားရန် စီစဉ်နေကြောင်း ကျောက်နီမော်ဒေသခံ လူမှုအဖွဲ့အစည်းမှ ဦးဖြူလုံးကပြောသည်။
“လက်မှတ်ကတော့ ၁၀၀၀၀ ကျော်နေပြီ ၊ ပြီးတာနဲ့ ကျနော်တို့ သမ္မတရုံးထိ လက်မှတ်တွေကိုတင်ပြသွားမယ် ပြီးတော့ ကျနော်တို့တွေ အခုလာမယ့် တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲကို လုပ်သွားမယ်၊ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ့်နေရာတော့ သေချာ မပြောနိုင်သေးဘူး ရက်ကတော့ အခုလာမည့် တနင်္ဂနွေနေ့မှာ လုပ်မှာ ဖြစ်တယ်” ဟု ဦးဖြူလုံးကပြောသည်။
ယခုလို ကမန်လူမျိုးများအဖြစ် မှတ်ပုံတင်ထုတ်ပေးနေခြင်းကိစ္စကို ဒေသခံများအနေဖြင့် လက်ခံနိုင်မှုမရှိသလို သဘောတူညီမှု၊ ရှိမရှိ စမ်းတမ်းကောက်နေခြင်းမှာ မှန်ကန်သည့် လမ်းကြောင်းတစ်ခု အပေါ်ရောက်လိမ့်မည်ဟု မျော်လင့်ကြောင်းနှင့် မှတ်ပုံတင်ထုတ်ပေးမှုအပေါ်သူ၏မြင်ကိုလည်း ဒေသခံဦးတင်ငွေက ယခုလိုပြောသည်။
“ ကျနော်တို့လည်း သဘောမတူဘူး အဓိက ဥပဒေအတိုင်းဖြစ်စေချင်တယ်၊ အခုလိုလက်မှတ်တွေ လိုက်ကောက်ပြီး နေပြည်တော် လဝကတို့ သမ္မတရုံးတို့ ပြည်နယ်လဝကတို့ကို လက်မှတ်တွေနှင့်တင်ပြပြီး ပြည်သူတောင်းဆိုချက်တွေအတိုင်း သေချာပြန်လုပ်မယ်ဆိုတော့ ဒါဟာ အမှန်တရား တစ်ခုကိုရလာမယ်လို့ ထင်တယ် ကျနော်တို့က အဲလိုဖြစ်လာဖို့အတွက်ကိုလည်း စောင့်မျှော်နေပါတယ်” ဟုပြောသည်။
လက်ရှိ လက်မှတ်များကောက်ခံနေသည့် ကျေးရွာများမှာ ငါးရံ့ချောင်းကျေးရွာအုပ်စု ၊ လမူးခြေကျေးရွာအုပ်စု ၊ ချောင်းဝကျေးရွာအုပ်စု ၊ ချောင်းဖျားကြီးကျေးရွာအုပ်စု၊ သိမ်ချောင်းကျေးရွာအုပ်စုတို့က ကောက်ယူနေခြင်း ဖြစ်ပြီး လက်ရှိအချိန် လက်မှ ၁၀၀၀၀ ကျော်ကောက်ခံရရှိထားပြီဖြစ်ကြောင်းလည်းသိရသည်။




