ရခိုင်ပြည်နယ်ထဲက ထင်ရှားသော ကမ်းခြေတစ်ခုမှာပါဝင်သည့် ဂွမြို့နယ်ကမ်းသာယာကမ်းခြေအားတွေ့ရစဉ်။ ဓါတ်ပုံ - ကောင်းမြတ်

မေလ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။   ။   ပင်လင်ပြင်တွင် ရေတပ်မှလက်နက်ကြီးများဖြင့် စမ်းသပ်မည်ဆိုသောကြောင့် ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာယာကျေးရွာမှ ငါးဖမ်းစက်လှေအားလုံးကို ရေတပ်မှ သုံးရက်ငါးမဖမ်းရဟု ပိတ်ပင်ထားကြောင်း ဂွမြို့နယ်ငါးဖမ်းလုပ်နင်းရှင်းအသင်းက သိရသည်။

ပင်လယ်ပြင်သို့ ငါးမဖမ်းရဟု ပိတ်ပင်ထားခြင်းကို လက်ခံမဘဲ ကိုယ့်သဘောနှင့်ကိုယ် ငါးဖမ်းထွက်ပါက ဖြစ်သမျှကို တာဝန်မယူကြောင်း မေလ ၁၃ ရက်နေ့က ရေတပ်မှ ပြောဆိုသောကြောင့် ကမ်းသာယာငါးဖမ်းစက်လှေများမှာပြန်လာခဲ့ရကြောင်း သိရသည်။

ရေတပ်မှ ငါးမဖမ်းရဟု ပြောဆိုခြင်းသည် တရားမဝင်ကြောင်း၊ တရားဝင်ဖြစ်အောင် မြို့နယ်ထွေအုပ်နှင့် ငါးဦးစီးဌာနမှ စာထုတ်သင့်ကြောင်း ဂွမြို့နယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးစိုးသန်းက ပြောသည်။

'' သုံးရက်ပိတ်မယ် ဆိုတာ ပါးစပ်နဲ့ ပြောလို့တော့ အဆင်မပြေဘူး။ ရေလုပ်သားတွေမှာလည်း အခက်အခဲရှိတယ်။ ရေလုပ်သားတွေမှာ ငါးရတဲ့အချိန်လေး ငါးဖမ်းရတာ။ တကယ်လုပ်ချင်တယ်ဆိုရင်တော့ တရားဝင် စာထုတ်လိုက်။ ကျေးရွာ ရယက ကိုလည်း တိုင်ပင်ပြီး စာထုတ်ပေးလိုက်။ အဲလို ဆိုရင်တော့ လက်ခံမယ်လို့ ကျနော် လှမ်းပြောတော့ သူတို့စာထုတ်ပေးတယ်။ သူတို့စာထုတ်ပုံက ပုံစံမကျဘူး။ အမှန်က မြို့နယ်ထွေအုပ်၊ ငါးဦးစီး ထုတ်ရမယ်။ အခု ရေတပ်က စာထုတ်တဲ့ပုံက ပရမ်းပတာကြီးလို ဖြစ်နေတယ်။ '' ၄င်း က ပြောသည်။

ရေတပ်မှ ပိတ်ပင်ထားသည့် သုံရက်မှာ မေ ၁၄ ရက် မှ ၁၆ ရက်အထိဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒု-ဦးစီး ဦးဇော်ထွန်းက '' ကျနော်တို့ တွေ့လိုက်တာကတော့ ဖေ့ဘွတ်ထဲမှာပဲ တွေ့လိုက်တယ်။ ကျနော်တို့ဌာနကို တရားဝင်အကြောင်းကြား တာတော့ မရှိဘူးခင်ဗျာ။ ဖေ့ဘွတ်စ်မှာ တက်လာတာကတော့ ကမ်းသာယာဘက်က ရေးလုပ်သားတွေနဲ့ စာထည့်ပေးလိုက်တယ်လို့ပဲ ဖတ်လိုက်ရတယ်။ ကျနော်တို့ဆီကို တရားဝင်အကြောင်းကြားစာ မရောက်သေးဘူး။ '' ဟု ၄င်းက ပြောသည်။

DMG မှ ရခိုင်ပြည်နယ် ရေတပ်ကို ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ဂွမြို့နယ် ကမ်းသားယာကျေးရွာ ပင်လယ်ပြင်တစ်ဝိုက်တွင် ရေတပ်မှ ယခင်ကလည်း လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်း ဂွမြို့နယ်ငါးဖမ်းလုပ်ငန်းရှင်များထံကသိရသည်။

Author: မျိုးမြင့်ဇော်