(ဂွမြို့နယ်က ငါးဖမ်းလှေများ။ ဓါတ်ပုံ - မျိုးမြင့်ဇော်/DMG)

မေလ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ ဂွမြို့ (DMG) ။    ။   အစိုးရအဆက်ဆက်က ဂရုတစိုက်ဖြေရှင်းပေးခြင်း မရှိခဲ့သော ကမ်းဝေးငါးဖမ်းသင်္ဘောများ ကမ်းနီးကို ဝင်ရောက်ငါးခိုးဖမ်းနေခြင်းကို အစိုးရသစ်အနေနဲ့ ဂရုတစိုက်ဖြေရှင်းပေးသင့်ကြောင့် ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်မှ ငါးပုစွန်လုပ်ငန်းရှင်များက တောင်းဆိုနေကြသည်။   

ကမ်းဝေးငါးဖမ်းသင်္ဘောများက ကမ်းနီးကို ဝင်ရောက်ငါးခိုးဖမ်းနေခြင်းကြောင့် ဒေသခံငါးပုစွန်လုပ်ငန်းရှင်များမှာ ငါးအရနည်းနေသဖြင့် ရေလုပ်သားများမှာ စာဝတ်နေရေး အကြပ်အတည်းဖြစ်နေကြသည်မှာ ယခုအစိုးရ လက်ထပ်မှာတင်မဟုတ်ဘဲ ယခင်အစိုးရ အဆက်ဆက်ကတည်းကပင် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ငါးပုစွန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာက ငါးပုစွန်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုအောင်မျိုးက '' ကျနော်တို့ဒေသမှာ ကမ်းဝေးငါးဖမ်းသင်္ဘောတွေ ဝင်ဆွဲနေတာကြောင့် နေ့လုပ်နေ့စား သမားတွေမှာ အခက်အခဲ ရှိနေတာတော့ အမှန်ပဲ။ ဒါကလည်း အခုမှ မဟုတ်ပါဘူး အရင်တုန်းကတည်းကပဲ။ ကျနော်တို့လည်း အမျိုးမျိုး အထက်တွေကို အဆင့်ဆင့်တင်ပြတယ်၊ တိုင်ကြားတယ်။ ဒါပေမဲ့ လုပ်ပေးမယ်ဆိုတဲ့ စကားတစ်ခွန်းကလွဲရင် မထူးဘူးဟု ဆိုသည်။

ယင်းသို့ ငါးခိုးဖမ်းမှုများကြောင့် ကမ်းနီးငါးဖမ်းသမားများမှာ ငါးဖမ်းဆီးရမိမှု ရာခိုင်နှုန်းလျော့နည်းသွားပြီး စားဝတ်နေရေးအကြပ်အတည်းများ ဖြစ်ပေါ်နေကြောင်းနှင့် ကမ်းဝေးငါးဖမ်းသင်္ဘောများ ကမ်းနီးကို ငါးဝင်ဖမ်းသည့်အခါမှာ ပင်လယ်ပြင်ဥပဒေအရ တားမြစ်ကန့်သတ်ထားသည့် ဂျမ်းပိုက်၊ ကျားပိုက်များကို သုံးစွဲနေသဖြင့် ပင်လယ်ရေအောက်မှာရှိသည့် သန္တာကျောက်တန်းနှင့် ရှားပါးငါးမျိုးစိတ်များမှာလည်း မျိုးတုံးပျက်စီးနေကြောင်း ဒေသခံငါးပုစွန်လုပ်ငန်းရှင်များက ဆိုသည်။

ကမ်းဝေးငါးဖမ်းသင်္ဘောများ ကမ်းနီးကို ဝင်ရောက်ငါးခိုးဖမ်းနေခြင်းကို အဓိက တားမြစ်နိုင်သည့် အဖွဲ့ အစည်းမှာ ကမ်းခြေစောင့်ကြည့်ရေး ရေတပ်အဖွဲ့ အစည်းဖြစ်ကြောင်း ဂွမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။

ဂွမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဦးစီးမှူး ဦးညီထွေးက '' ကျနော်တို့ ဂွမြို့နယ် အတိုင်းအတာ အနေနဲ့မှာတော့ ကမ်းဝေးသင်္ဘောတွေက ကမ်းနီးကိုဝင်ဆွဲတယ်လို့ ဒေသခံရေလုပ်သားတွေရဲ့ တိုင်တန်းမှုကိုလည်း ကြားသိနေရတယ်။ ဒါပေမဲ့ အမြဲတစေတော့ မဟုတ်ဘူး။ ရံဖန်ရံခါ လာပြီးတော့ တိုင်တန်းတာမျိုးတွေ ရှိပါတယ်။ နောက်တစ်ခုက ဂွမြို့နယ်မှာ ချက်ပွိုင့်မရှိဘူး။ ချက်ပွိုင့်ဆိုတာက ကမ်းဝေးချက်ပွိုင့် ကို ပြောတာပါ။ ဒါကြောင့် ကမ်းဝေးကို ထိန်းချုပ်နိုင်တဲ့ အင်အား မရှိဘူးပေါ့ '' ဟု ဆိုသည်။

ကမ်းနီးငါးဖမ်းသများအနေဖြင့် ကမ်းဝေးသင်္ဘောများ ဝင်ရောက်ငါးဖိုးဖမ်းနေသည်ကိုတွေ့လျှင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနကို အမြန်ဆုံးဖုန်းဆက်ပြီး အကြောင်းကြားသင့်ကြောင်းလည်း ဂွမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေက အကြံပြုထားသည်။

ကမ်းဝေးငါးဖမ်းသင်္ဘောများ ကမ်းနီးကို ဝင်ရောက်ငါးခိုးဖမ်းသည့် ပြသာနာမှာ ရခိုင်ပြည်နယ်ဂွမြို့နယ် တစ်ခုတည်းမှာပဲ ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိသည့် ပင်လယ်ကမ်းရိုးတန်း ဒေသတိုင်းလိုလိုမှာ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

Author: မျိုးမြင့်ဇော်