ချလူးအောင် / DMG

ဇွန်လ ၂၆ ရက် ၊ ၂၀၁၈ ခုနှစ် ။     ။ မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာက ဒေသခံတစ်ဦးသည် ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက တုံးချောင်းဝအတွင်း ငါးရှာဖွေနေနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ကိုင်းကြီးကျေးရွာသား ဦးမောင်လှစိန် အသက် ၆၈ နှစ်ဖြစ်ပြီး ၄င်း၏သားဖြစ်သူ ဦးမောင်ထွန်းစိန်နှင့်အတူ ငါးရှာဖွေနေစဉ် လုံခြုံရေးလှည့်ကင်းအဖွဲ့က အော်ဟစ်အသံပေးခြင်း၊ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သော်လည်း လှိုင်းသံလေသံများကြောင့် မကြားသည့်အတွက်  လုံခြုံရေးတပ်ဖွဲ့က လှေကိုပစ်ခတ်ရာမှာ ဦးမောင်လှစိန်၏ပေါင်ကို သေနတ်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 " ဟုတ်ပါတယ် ဒီဖြစ်စဉ်က အမှန်ပါ။ အခု ဒဏ်ရာရသူ ဦးမောင်လှစိန်ကို ဘူသီးတောင်မြို့သို့ ဆေးကုသဖို့ အာဏာပိုင်တွေက ခေါ်ဆောင်သွားပါတယ်။ အခြေအနေက ကောင်းပါတယ်။ စိုးရိမ်စရာမရှိပါဘူး ” ဟု ကိုင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

၎င်းတို့ငါးရှာသည့်နေရာမှာ ဘင်္ဂါလီများနှင့် ဒေသခံများမှာလည်း မကြာခဏငါးရှာနေကြသောနေရာဖြစ်ပြီး လက်ရှိပစ်ခတ်ခံရသည့် ဦးမောင်စိန်လှတို့မိသားစုမှာ ငါးရှာသည့် လုပ်ငန်းဖြင့် စားဝတ်နေရေး လုပ်ကိုင် နေကြသူများဖြစ်ကြောင်းလည်း သိရသည်။

“ ကျွန်တော့်အဖေနဲ့ ကျွန်တော့်ညီ ပိုက်ချဖို့သွားတယ်။ အဲဒီအချိန်သူတို့က မသင်္ကာလို့ပစ်တာပါတယ်။ ဆင်းရဲပင်ပန်းလို့ ဒီလိုလုပ်စားနေတာ အခုလိုဆိုတော့ ဘယ်လိုလုပ်စားရဲမှာလဲ။ ကျွန်တော်တို့က တောင်ကိုလည်း မတက်ရဘူး။ ချောင်းကိုလည်း မဆင်းရဘူးဆိုသလို ဖြစ်နေတယ် ” ဟု ဦးမောင်လှစိန်၏ သားလတ်ဖြစ်သူ ကိုနေအောင်သိန်းက ပြောသည်။

 

Author: ချလူးအောင်