စက်တင်ဘာလ ၁ ရက်၊ နေရောင်မင်း (စစ်တွေ)

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(FFM)က သြဂုတ်လ ၂၇ ရက်နေ့တွင်  ထုတ်ပြန်လိုက်သော အစီအရင်ခံစာကြောင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများ ပေါင်းစည်းနေထိုင်မှုကို ပျက်ပြားစေရုံသာမက နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊အမျိုးသား၊ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို ထိခိုက်စေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ အဖွဲ့၏ အစီရင်ခံစာသည် ရခိုင်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်း၌ စိတ်ဝမ်းကွဲမှုနှင့် အယုံအကြည်ကင်းမဲ့မှု များကိုသာ ပိုမိုဖြစ်ပေါ်စေမည်ကို အစိုးရအနေဖြင့် ဝမ်းနည်းဖွယ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်မှာဆိုထားသည်။

လူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး အဖွဲ့ကို ၂၀၁၇ ခု၊မတ်လက ဖွဲ့စည်းခဲ့သည်။ယင်းအဖွဲ့ ဖွဲ့စည်းစဉ်ကပင် အစိုးရအနေဖြင့် ဖွဲ့စည်းမှုအား ပယ်ချခဲ့ပြီး၊ယင်း၏ ရှာဖွေတွေ့ရှိချက်များကို လက်ခံသွားနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့ပြီး ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ယင်းအပြင် အဖွဲ့၏ တည်ထောင်မှု၊ဖွဲ့စည်းမှုနှင့်လုပ်ပိုင်ခွင့်တို့မှာ သမာသမတ်ကျမှု မရှိစေနိုင်သကဲ့သို့ ရခိုင် အရေးနှင့်ပတ်သတ်ပြီး ရေရှည်တည်တံ့သည့် အဖြေများရှာဖွေလျက်ရှိသည့် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အဟန့်အတားဖြစ်လာနိုင်မည်ဟု ဆိုသည်။

ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီအရင်ခံစာမှာရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အကြီးအကဲ ခေါင်းဆောင် ၆ ဦးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး အိုင်စီစီတွင် စုံစမ်းစစ်ဆေး အရေးယူဖို့ တိုက်တွန်းခဲ့သည်။

အစိုးရသည် ယင်းအဖွဲ့ဖွဲ့စည်းခြင်းကို ပယ်ချလိုက်ပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ဆက်စပ်ကိစ္စရပ်များအား စုံစစ်းစစ်ဆေးရန်အတွက် လွပ်လပ်သော စုံစမ်းစစ်ဆေးကော်မရှင် ကိုဖွဲ့စည်းထားသည်။ယင်းအဖွဲ့သည် ပြီးခဲ့သည့်ရက်ကစတင်ပြီး မောင်တောဒေသတွင် စုံစမ်းစစ်ဆေးမှုမှု စတင်ပြုလုပ်ခဲ့သည်။

Author: နေရောင်မင်း(စစ်တွေ)