
ဖဒူ ထွန်းအောင်၊ DMG
အောက်တိုဘာလ ၁၆၊ စစ်တွေ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Christine Schraner Burgenr သည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် တွေ့ဆုံမှုပြုလုပ်ခဲ့ကာ ၎င်းကို အကောင်းမြင်မှုများရှိသည်။
အထူးကိုယ်စားလှယ်အဖွဲ့ ရခိုင်သို့လာရောက်စဉ်က ဆိုးဆိုးရွားရွားဖြစ်မည်ကို စိုးရိမ်ခဲ့သော်လည်း စကားပြောဆိုရာတွင်လည်း လွှမ်းမိုးမှုမရှိဘဲ ဆက်ဆံရေးအဆင်ပြေကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက ပြောသည်။
“ထင်သလောက်တော့ သိပ်မဆိုးပါဘူး။ထင်သလောက် မဆိုးဘူးဆိုတာ သူတို့ဒီကို လာတဲ့အခါ တကယ့်ကို ဆိုးဆိုးရွားရွားကြီးများ ရှိမလားလို့ထင်တယ်။လက်တွေ့မှာ အဲလို မဟုတ်ဘူး။ သူတို့ကလည်း ဒီမှာရှိတဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့လည်းတွေ့တယ်။ သူတို့ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံမှာ ရခိုင်မှာ ဖြစ်တဲ့ကိစ္စတစ်ခုတည်းမဟုတ်ဘူး။ငြိမ်းချမ်းရေး ကိစ္စလည်း သူတို့စိတ်ဝင်စားတယ်။တက်နိုင်သလောက် သူတို့အကူအညီပေးမယ်လို့ ပြောတာပဲ ” ဟု ၎င်းက ဆိုသည်။
ယခုလာရောက်သည့် အထူးကိုယ်စားလှယ်ကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စ ရန်ဟီးလီထက် ပိုပြီး သဘောကျကြောင်းလည်း ဦးစံကျော်လှက ပြောသည်။မစ္စရန်ဟီးလီကို ၎င်း၏ ဆောင်ရွက်ချက်များမှာ မျှတမှုကင်းမဲ့ခြင်း၊ဘက်လိုက်ခြင်းတို့ကြောင့်ဟုဆိုကာ အစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်ထားသည်။
“သူပြောတာဆိုတာကိုတော့ ရန်ဟီးလီထက်ပိုပြီးတော့ သဘောကျတယ်။ သဘောကျတယ်ဆိုတာ ပျော့ပျောင်းတယ်။ဆက်ဆံရတာ အဆင်ပြေတယ်။ငါတို့အပေါ်မှာလည်း လွှမ်းမိုးပြီးတော့ မဆက်ဆံဘူး ”ဟု ဦးစံကျော်လှက ဆိုသည်။
သို့သော် အထူးကိုယ်စားလှယ်အား ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် နိုင်ငံအကာအပေါ်မှာ သတိပြု ယုံကြည်ရသောကြောင့် မျှော်လင့်ချက် ကြီးကြီးမားမား မထားပေ။သတိပြု၍သာ လက်ခံ၊ကြိုဆိုကြောင်း ဦးစံကျော်လှက ပြောသည်။




