
(ပြီးခဲ့သည့် မေလ ၉ ရက်နေ့က စစ်တွေဟိုတယ်ခန်းမတွင်ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ။ ဓါတ်ပုံ - ဓါတ်ပုံ - ပျံလွှား)
မေလ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်၊ စစ်တွေ (DMG) ။ ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်တစ်ခုဖြစ်သည့် ဘင်္ဂလီလူမျိုးများကို ရပ်ကွက်ကျေးရွာ ဥက္ကဌများအဖြစ် ခန့်အပ်ပေးရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ဘင်္ဂလီလူမျိုးများအနေဖြင့် နိုင်ငံသားစိစစ်မှူကို ပူးပေါင်းပါဝင်မှသာ အမြန်ဆုံးဆောင်ရွက်နိုင် မည်ဟု မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးဝန်ထမ်းများက ပြောသည်။
မောင်တော-ဘူးသီးတောင် ဒေသများအတွင်း ဒေသတွင်းဥပဒေများအရ ခေတ်အဆက်ဆက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဘင်္ဂလီများကို ခန့်ထားခဲ့ခြင်းများရှိခဲ့ပြီး၊ တရားဝင်ခန့်အပ်ရန်အတွက် နိုင်ငံသားဖြစ်ရန်လိုအပ်ကြောင်းသိရသည်။
စစ်တွေမြို့၊ စစ်တွေဟိုတယ်ခန်းမတွင် မေလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် မစ္စတာဂါဆန်မှ ကော်မရှင်၏အကြံပေးချက် တစ်ခုဖြစ်သည့် ရခိုင်ပြည်တွင်းဖြစ်ပေါ်နေမှူများကို ဆွေးနွေးအဖြေရှာတွင် အဆင်ပြေမှူရှိစေရန် ဘင်္ဂလီအများစု နေထိုင်သည့် ကျေးရွာများတွင် ဘင်္ဂလီလူမျိုးများကို လစာဖြင့် တရားဝင်ခန့်အပ်ပေးရန် ရခိုင်ပြည်နယ် သတင်းထောက်များ၏ မေးမြန်းမှူကို ဖြေကြားခဲ့သည်။
မောင်တောခရိုင်အတွင်း ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှူဖြစ်ပွားပြီး နောက်ပိုင်းတွင် အကြမ်းဖက်မူစလင်အဖွဲ့မှ ရပ်ကွက်ကျေးရွာ စာရေးများ၊ ဌာနဆိုင်ရာများနှင့် နီးစပ်သူများ၊ မီဒီယာများအားဖြေဆိုသည့် ဘင်္ဂလီများကို ခြိမ်းခြောက်သတ်ဖြတ်မှူများရှိသည့်အတွက် စိုးရိမ်နေကြကြောင်း ဘင်္ဂလီများက ပြောဆိုကြသည်။




