(လူငယ်စာရေးဆရာ ၊ လူမှုရေးပရဟိတသမား ဝေဟင်အောင်။ ဓါတ်ပုံ - Wai Hun Aung Facebook )

ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၈ ခုနှစ် ။    ။   လူငယ်စာရေးဆရာ ကိုဝေဟင်အောင်ကို ရသေ့တောင်မြို့နယ် ရဲစခန်းက အမှုဖွင့်ထားသည်ဆိုသောကြောင့် ဇန်နဝါရီလ ၁၆ ရက်နေ့က စစ်တွေမြို့မှာ ဖမ်းဆီးခဲ့သော်လည်း ယခုအချိန်ထိ မိသားစုကို တစုံတရာ အကြောင်းမပြန်သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကိုဝေဟင်အောင်၏ ဇနီးဖြစ်သူ ဒေါ်အေးအေးနွယ်က “ ကျမက အလုပ်ကိစ္စတစ်ခုကြောင့် ရန်ကုန်ရောက်နေတယ်။ ကိုဝေဟင်အောင် ဖမ်းဆီးသွားတာတော့ သတင်းတွေဖတ်လို့ သိရပါတယ်။ ကျမတို့ကို ဘာမှတော့ အကြောင်းမကြားသေးဘူး။ ဘာကြောင့်ဖမ်းရတယ်၊ ဘာပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ် ဆိုတာကို မသိရသေးဘူး။ ” ဟု ပြောသည်။

ရသေ့တောင်မြို့မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်ပြီး စာရေးဆရာ ဝေဟင်အောင်ကို စစ်တွေမြို့မရဲစခန်းက ဇန်နဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် အမှုဖွင့်ထားသည်။

ကိုဝေဟင်အောင်ကို ဖမ်းဆီးမှု မိသားစုကို အကြောင်းမပြန်သေးသော်လည်း ကိုဝေဟင်အောင်ကို စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းသည်ဟု အစ်ကိုဖြစ်သူ ဦးသိန်းဝင်းက ပြောသည်။

“ ကျနော်တို့လည်း စောင့်နေတာ။ ဘာမှတော့ သက်ဆိုင်ရာတွေက လာမပြောသေးဘူး။ မနေ့က စစ်တွေအကျဉ်းထောင်ကို ပို့လိုက်တာတွေ့လိုက်တယ်။ အခုထက်ထိ ဘာမှ အကြောင်းမပြန်သေးတာကို နားမလည်ဘူး။ လက်ရှိ မြောက်ဦးမှာ ဖြစ်နေတဲ့ ဖြစ်စဉ်အပါအဝင် တခြားကိစ္စတွေ ရှုတ်နေလို့ ထင်တယ် ခေတ္တဆိုင်းထားသလားတော့ မသိဘူး။ ” ဟု ၄င်းက ပြောသည်။

ရသေ့တောင်မြို့တွင် ဟောပြောခဲ့သည့် အကြောင်းအရာကို ပြန်ကြားရေးဝန်ဌာနက ယခုလိုဖော်ပြထားသည်။

“ ရခိုင်ပြည်နယ် အချုပ်အခြာ အာဏာကျဆုံးသွားသည်မှာ နှစ်ပေါင်း ၂၃၃ နှစ် ရှိခဲ့ပြီး လူမျိုးဆက် (၅) ဆက် ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍ မရသောကြောင့် လက်ညှိုးကွေးပြီး တောင်းသည့် အဖွဲ့ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင် ဦးဆောင်သော AA တပ်မတော်သည်လည်း ရခိုင်နိုင်ငံတော် နှင့် အချုပ်အခြာ ပြန်လည် ရရှိရေး၊ ဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိကြောင်း၊ ရသေ့တောင်မြို့နယ်သူ၊ မြို့နယ်သားများအနေဖြင့်လည်း ဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊

ယခုအချိန်သည် နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည့် အချိန်ကာလ ဖြစ်နေ၍ မိမိတို့အတွက် အခွင့်အရေး သာနေသော အချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရေးနှင့် လွတ်လပ်ရေး ရရှိရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ အားလုံးပါဝင်ကြရန် လိုအပ်ကြောင်း” စသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း။  ” ထုတ်ပြန်ထားသည်။

အလားတူ အမ်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်လည်း ကိုဝေဟင်အောင်အတူ ဟောပြောခဲ့ပြီး ၄င်းကိုလည်း ထပ်မံအမှုဖွင့်ထားကြောင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

ကိုဝေဟင်အောင်၏ ဇနီးဖြစ်သူ ဒေါ်အေးအေးနွယ်ကလည်း ကိုဝေဟင်အောင်သည် နိုင်ငံရေးသမားမဟုတ်၊ ပရဟိတသမားသာဖြစ်ကြောင်း၊ ယခု တရားစွဲထားသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး သူမအနေဖြင့် ယုံကြည်မှုမရှိကြောင်း၊ ကိုဝေဟင်အောင်လည်း ယင်းကဲ့သို့ စကား၊ အဓိပ္ပါယ်ကို ဟောပြောခဲ့လိမ့်မည်မဟုတ်ကြောင်း DMG သို့ ပြောသည်။

(လူငယ်စာရေးဆရာ လူမှုရေးပရဟိတသမား ဝေဟင်အောင်။ ဓါတ်ပုံ - Wai Hun Aung Facebook )

Author: နေရောင်မင်း(စစ်တွေ)