
(ဘူးသီးတောင်မြို့နယ် ၊ စည်တောင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှ ကလေးငယ်များ ၊ ဓာတ်ပုံ - ညိုထွန်း / DMG)
ဇွန်လ ၁ ရက်၊ ၂၀၁၇ ခုနှစ်၊ STC (DMG) ။ ။ ကမ္ဘာပေါ်ရှိ ကလေးသူငယ်အရေအတွက်၏ လေးပုံတစ်ပုံ (သန်း ၇၀၀ ကျော်) ကို ရှာဖွေသုတေသန ပြုလုပ်ထားသော Save the Children ၏ Stolen Childhood စာတမ်းအရ နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် ကလေးငယ်များဘဝ ဆုံးရှုံးနေမှု မြန်မာနိုင်ငံက အဆင့် ၁၁၂ တွင် ရပ်တည်နေကြောင်း သိရသည်။
ကလေးငယ်များ မိမိဘဝကို ဆုံးရှုံးနေမှုများထဲတွင် ကာကွယ်နိုင်သောရာဂါများကြောင့် (သို့) မတော်တဆမှုကြောင့် သေဆုံးခြင်း၊ အရွယ်မတိုင်မီ လက်ထပ်ခြင်း၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု ပြဿနာ၊ အကြမ်းဖက်မှုများ၊ ကျောင်းမနေနိုင်ခြင်း၊ အလုပ်လုပ်ရခြင်းနှင့် အာဟာရချို့တဲ့ခြင်း စသည့်ပြဿနာများသည် ကလေးသူငယ်များအတွက် ၄င်းတို့၏ ကလေးဘ၀ကို ဆုံးရှုံးစေသည့် အဓိကအကြောင်း အရာများဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
နိုင်ငံတစ်နိုင်ငံချင်းစီမှာ သုတသနေပြုထားသော အချက်အလက်များကို အသုံးပြုပြီး ကလေးသူငယ်ဘ၀ကို ကာကွယ်နိုင်မှုအရ အဆင့် ၁ (အကောင်းဆုံး) မှ အဆင့် ၁၇၂ (အဆိုးဆုံး) အဖြစ် အဆင့်သတ်မှတ်ထား ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ကလေးသေဆုံးမှုနှုန်း (မွေးဖွားမှု ၁၀၀၀ လျှင် အယောက် ၅၀)၊ အာဟာရချို့တဲ့ ပုညှက်မှုဝေဒနာခံစားနေရသော ကလေးဦးရေနှုန်း (၂၉.၂%) နှင့် မူလတန်းနှင့်အလယ်တန်း ကျောင်းထွက်မှုနုန်း (၂၉.၄%) ရှိကြောင်း သိရသည်။
နော်ဝေနှင့် ဆလိုဗေးနီးယားနိုင်ငံတို့သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်နိုင်မှုတွင် အကောင်းဆုံးအဆင့် သတ်မှတ်ထားခြင်းခံထားရပြီး၊ အနောက်အာဖရိကနိုင်ငံများဖြစ်တဲ့ နိုင်ဂျာ (Niger) နှင့် အန်ဂိုလာ (Angola) နိုင်ငံတို့မှာ အနိမ့်ဆုံးအဆင့်သတ်မှတ်ခြင်း ခံထားရသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် အဆင့် ၁၁၆၊ ၁၃၀၊ ၁၃၄ အသီးသီးဖြင့် မြန်မာနိုင်ငံ၏ အောက်တွင် အဆင့်သတ်မှတ်ခြင်းခံထားရပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ မြန်မာနိုင်ငံ၏အထက် အဆင့် ၄၁ နှင့် ၈၄ တို့တွင် ရှိနေသည်။
Save the Children ၏ Country Director, Mr. Michael McGrath က “ မြန်မာနိုင်ငံမှာ ကလေးအခွင့်အရေးနဲ့ပတ်သက်ပြီး ကာကွယ်ဖို့အတွက် ဆောင်ရွက်စရာတွေအများကြီးရှိနေပါတယ်။ ဒီအဆင့်သတ်မှတ်ချက်က ဖော်ပြနေပေမဲ့ ဒီနှစ်တွေအတွင်းမှာ တိုးတက်လုပ်ဆောင်နိုင်ခဲ့တဲ့ အခြေအနေတွေကိုလည်း အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကလေးသူငယ်တွေမှာ အာဟာရချို့တဲ့ပုညှက်မှုနုန်းဟာ ကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါဟာ အစိုးရရဲ့ လက်ရှိ လုပ်ဆောင်နေမှုတွေနဲ့ ကြိုတင်ကာကွယ်နိုင်မှုတွေကြောင့်ဖြစ်ပြီး ဆက်ပြီးကောင်းတဲ့ဘက်ကို တိုးတက်သွားဖို့ အလားအလာရှိတယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ” ဟု ဆိုသည်။
၂၀၃၀ တွင် တစ်ကမ္ဘာလုံးကျန်းမာစေရမည် ဆိုသောရည်ရွယ်ချက်ကို အောင်မြင်ရန်အတွက် ကလေးသူငယ်သေဆုံးမှုနှုန်းကို လျှော့ချရန်နှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ဦးစားပေးဆောင်ရွက်ရန် Stolen Childhood စာတမ်းက မြန်မာနိုင်ငံအစိုးရအား အကြံပေးထားသည်ကိုလည်း တွေ့ရသည်။




