(မြိုလူငယ်အဖွဲ့က ဦးဆောင်ပြီး ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာမှာ မြိုလူငယ်ဖိုရမ်ကို မေလ ၁၃ ရက်နေ့က စတင်ကျင်းပခဲ့ကြသည်။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)

မေလ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်၊ ကျောက်တော် (DMG) ။     ။    ကျာက်တော်မြို့နယ် လမ်းမတော်ကျေးရွာတွင် မေလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပခဲ့သော မြိုလူငယ်ဖိုရမ်ကို မြိုလူငယ်များဖွံ့ဖြိုးရေးအဖွဲ့အစည်းက ကန့်ကွက်ရှူတ်ချလိုက်သည်။

ရခိုင်ပြည်နယ်မှာ မျိုးနွယ်စု ၇ ခုအနက် ယခုမြိုလူငယ်ဖိုရမ်ကျင်းပသည့်  မြိုလူငယ်များသည် ခမီစကားပြောတတ်ပြီး မြိုစကားမပြောတတ်သော မြိုအမည်ခံ (မြိုအတု) ဖြစ်ကာ ၎င်းတို့သည် ခမီလူမျိုးများသာဖြစ်သည့်အတွက် ယခုကဲ့သို့ ကန့်ကွက်လိုက်ခြင်းဖြစ်သည်ဟု မြိုလူငယ်များ ဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ နာယက ဦးမောင်လှဖြူက ပြောဆိုသည်။

“ ဒီလူမျိုးနှစ်မျိုးဟာ စကားပြောဆိုမှုနဲ့ ယဉ်ကျေးမှုဓလေ့ မတူညီပါဘူး။ အခုကျင်းပပြီးစီးသွားတဲ့ မြိုလူငယ်ဖိုရမ်ကို တတ်ခဲ့ပြီး အကြောင်းစုံရှင်းလင်းပြောကြားဖို့ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီမှ ခွင့်မပြုတဲ့အပြင် အသိအမှတ်မပြုခဲ့ပါဘူး။ အရင် မြို (ခေါ်) ခမီ/ မြိုခမီ/ အခု မြို သုံးလာပြီဖြစ်တဲ့ ခမီစကားပြော မြိုအတု မြိုအမည်ခံတွေဟာ “မြို” လူမျိုးအမည်ကို အသုံးပြုပြီး ဘာပွဲပွဲလုပ်လုပ် တရားစွဲဆိုသွားမယ်။ ဒါ့အပြင် ဆန္ဒဖော်ထုတ်သွားမယ်။ ” ဟု မြိုလူငယ်များဖွံ့ဖြိုးရေး အဖွဲ့အစည်းမှ နာယက ဦးမောင်လှဖြူကပြောသည်။

ကျောက်တောမြို့နယ်၊ လမ်းမတော်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် မြိုလူငယ်ဖိုရမ်မှ မေလ ၁၄ ရက်နေ့က မြိုတိုင်းရင်းသားများသည် ရခိုင်ပြည်နယ်တွင် ဌာနေတိုင်းရင်းသားများဖြစ်သည့်အပြင် သီးခြားမျိုးနွယ်စုတစ် စုလည်ဖြစ်ကြောင်းနှင့် အခြားတိုင်းရင်းသားများမှ နိုင်ငံရေးအရသော် လည်းကောင်း၊ အမျိုးသားရေးအရ သော်လည်းကောင်း၊ လူနည်းစုဌာနေတိုင်းရင်းသားများအပေါ် လွှမ်းမိုးမှုရှိနေသည်ကို အတိအလင်း ကန့်ကွက်ရှုပ်ချကြောင်း သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

“ သူတို့ မြိုလူမျိုးမဟုတ်ဘူး။ သူတို့ ခမီလူမျိုးတွေသာဖြစ်တယ်။ မြိုလူမျိုးခံတာက ခမီလူမျိုးဆိုတာကို မကြိုက်ကြလို့ မြိုလူမျိုးဆိုပြီး အမည်ခံတာ။ အရင်တုန်းကဆိုရင် မြို(ခေါ်) ခမီပေါ့နော်။ အခု မြိုလူမျိုးလို့ သူတို့ လုပ်လာပြီ။ ” ဟု ဦးမောင်လှဖြူက ဆိုသည်။

ယင်းကဲ့သို့ မြိုအတုများအား မိမိကိုယ်မိမိ မြိုလူမျိုးဖြစ်သည်ဟု ပြောဆိုရန်အတွက် နောက်ကွယ်က ပညာတတ်၊ သူဌေးကြိုးကိုင်သူများရှိနေသည်ဟု ၎င်းကဆက်ပြောသည်။