ဇွန်လ ၃ ရက်၊ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည် (DMG) ။    ။   “ကျည်ထောင်စု သစ္စာ” သရော်စာနှင့် ပတ်သက်ပြီး ရေးသားသူ ဗြိတိသျှကိုကိုမောင်နှင့် သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည့် The Voice အယ်တီတာချုပ် ဦးကျော်မင်းဆွေတို့ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်ကတရားစွဲဆိုခြင်းသည် တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်ငကြောင်း ဇွန်လ ၃ ရက်နေ့က  ရခိုင်သတင်းသမားများအသင်း (Arakan Journalists Association) က ထုတ်ပြန်ခဲ့သည်။

ယင်းသရော်စာကြောင့် ပြီးခဲ့သည့်နှစ်ပတ်ခန့်က စတင်တရားစွဲဆိုခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရဲစခန်းက စစ်ဆေးစရာရှိသည်ဟုခေါ်ကာ အယ်တီတာချုပ်နှင့် စာရေးသူတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ ၆၆ (ဃ) နဲ့ သတင်းသမားတွေကို တရားစွဲဆိုဖမ်းဆီးတာက မဖြစ်သင့်ပါဘူး၊ မတရားတဲ့ဥပဒေပဲ၊ ဒီသရော်စာက တပ်မတော်ကို စော်ကားလိုတဲ့ ရည်ရွယ်ချက်မပါပါဘူး၊ ရသမြောက်အောင်ရေးသားထားတဲ့ သရော်စာတပုဒ်ပါ။ ”ဟု AJA ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမာန်ယုကျော်ကပြောသည်။

အဆိုပါ ဥပဒေသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထပ်က ရေးဆွဲခဲ့သည့် ဥပဒေတစ်ခုဖြစ်ပြီး  ပြည်သူတွေကန့်ကွတ်ခဲ့သော ဥပဒေတစ်ခုလည်းဖြစ်ကာ လက်ရှိအစိုးရလက်ထပ်ထိ တရားစွဲဆိုခံထားရသူ အများအပြားရှိနေခဲ့ပါသည်။

ထိုသို့ တရားစွဲခံထားရသူများထဲတွင် သတင်းသမားများလည်းပါဝင်နေပြီး တရာလိုပြု တရားစွဲဆိုသူများထဲမှာတော့ လက်ရှိလွှတ်တော်ကိုယ်စားလှယ်နှင့် အစိုးရအဖွဲ့ဝင်တချို့ ပါဝင်နေခြင်းလည်း ဖြစ်သည်။  

 

 

 

Author: ဝေလင်း