(စေတီတောင်တိုက်နယ်ဆေးရုံကြီး၏ မျက်နှာကြက်များ ပြိုကျပျက်စီးနေမှုကို တွေ့ရစဉ်။)

ဇွန် ၁၉ ရက် / DMG

ဘူးသီးတောင်မြို့နယ်၊ စေတီ တောင်ကျေးရွာ၌၂၀၁၆ ခုနှစ် မတ်လ ၂၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ၁၆ ကုတင်ဆံ့ စေတီတောင်တိုက်နယ် ဆေးရုံကြီးသည် ဖွင့်လှစ်ပြီး နှစ်နှစ် ခန့်အကြာမှာ ယိုယွင်းပျက်စီးမှုများ ရှိ နေခြင်းကြောင့် ဆေးရုံတာဝန်ရှိသူများ အပါအ၀င် ဒေသခံများက မကျေမနပ် ဖြစ်နေကြသည်။

“ တိုက်နယ်ဆေးရုံရဲ့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေကတော့ ဆေးရုံမျက်နှာကြက်ပေါ့။ မျက်နှာကြက်တွေက အကုန်လုံး ပြိုကျပျက်စီးနေတယ်။ ပြီးတော့ ဆေးရုံရဲ့ဖောင်ဒေးရှင်းတွေပေါ့။ ဖောင်ဒေးရှင်းတွေက အခုဆိုရင် ကွဲအက်လာတာမျိုးတို့။ နောက်ပြီးတော့ မီးနဲ့ပတ်သက်တဲ့ ၀ိုင်ယာတွေ ပျက်စီးနေတာတွေ၊ တံခါးမှန်ပေါက်တွေ ပြတင်းပေါက်တွေ၊ နံရံတွေကပါအစ ကွဲအက်နေတာတွေကတော့ အများကြီးတွေ့ရပါတယ်။ တကယ့်ကိုလည်း အရုပ်ဆိုးပါတယ်။ ဘာလို့လဲဆိုတော့ တိုက်နယ်ဆေးရုံ စတင်ပြီးတော့ ဖွင့်လှစ်တဲ့အချိန်နဲ့ တိုင်းတာကြည့်မယ်ဆိုရင်တော့ ၂ နှစ်ပဲရှိသေးတယ်။ လူနာခန်းတွေမှာ မျက်နှာကြက်တွေ မထင်မှတ်ဘဲ ပြုတ်ကျလာမယ်ဆိုရင်လည်း လူနာတွေအတွက် တအားကို အန္တရာယ်ရှိတဲ့ အနေအထားဖြစ်ပါတယ်။ ” ဟု စေတီတောင် ဒေသခံ ဦးထွန်းနိုင်က ပြောသည်။

ကျပ်သိန်းပေါင်းခြောက်ထောင် အကုန်ကျခံ ဆောက်လုပ်ခဲ့သည့် ဆေးရုံကြီးသည် ယခုလိုအချိန် တိုတိုအတွင်း ပျက်စီးဆုံးရှုံးသွားခြင်းသည် လာရောက်စစ်ဆေးခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆောက်လုပ်ရေးပိုင်း၏ အရည်အသွေးထိန်းချုပ်သူ QC မှာ အဓိကတာ ၀န်ရှိသည်ဟု ဆောက်လုပ်ရေးပိုင်းကို တတ်ကျွမ်းနားလည်သူတစ်ဦးက ပြောသည်။

ထို့အပြင် ခွဲစိတ်ခန်းများကို ပြုလုပ်ခဲ့မှုမှာလည်း လုံခြုံစိတ်ချရသည့် အနေအထား မရှိသည့်အတွက် ပြန်ပြီးပြုပြင်နေရပြီး ခွဲစိတ်ကုသရမည့် လူနာများကိုလည်း ဘူးသီးတောင်ဆေးရုံသို့ လွှတ်နေရသည်ဟု ဆေးရုံတာဝန်ရှိသူများက ပြောသည်။

စေတီတောင်တိုက်နယ်ဆေးရုံအပါအ၀င် ရခိုင်ပြည်နယ်အတွင်းမှ အသစ်ဆောက်လုပ်သည့် အဆောက်အဦးများသည် အချိန်မတိုင်မီ ပျက်စီးဆုံးရှုံးမှုများ ရှိနေခြင်းနှင့်ပတ်သက်၍လည်း ဦးထွန်းနိုင်က ရခိုင်ပြည်နယ်အ စိုးရအဖွဲ့ကို ယခုလိုပြောဆိုသည်။          

“ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တစ်ရပ်လုံးကို အနူးအညွှတ်ခံပြီးတော့ ဒေသခံတိုင်းရင်းသားတွေအတွက် တောင်းဆိုချင်တာက တိုက်နယ်ဆေးရုံဟာ ဘာကြောင့်ပြိုပျက်ရတာလဲ။ ဘယ်သူတွေတာဝန်ယူပြီးတော့ လုပ်ခဲ့တာလဲ။ နောက်ပြီးတော့ တာဝန်ရှိတဲ့သူတွေကနေ အခုလိုပျက်စီးနေတဲ့အချိန်မှာ ဆက်လက်ပြီးတော့ တာဝန်ယူမှုတွေ မထားဘဲနဲ့ ဒီအတိုင်းပဲ ကြည့်နေတော့မှာလား။ ဘူးသီးတောင်မြို့နယ်ထဲမှာဆိုရင် စေတီတောင်ဟာ တောင်ပိုင်းမှာ အားထားရတဲ့ဒေသပေါ့၊ အဲဒီဒေသကိုမှ  အခုလိုလျစ်လျူရှုထားမယ်ဆိုရင် ဒေသခံတိုင်းရင်းသားတွေအတွက် ဘယ်လောက်ထိ ဒုက္ခအခက်ခဲတွေ ရှိနေမလဲဆိုတာကို ကိုယ်ချင်း လည်းစာပြီးတော့ပေါ့နော် အမြန်ဆုံး ပြန်လည်ပြီးတော့ မွမ်းမံဖို့ဖြစ်ဖြစ်၊ ရှုထောင့်အသစ်တွေကနေ ကူညီပေးစေ ချင်တဲ့အကြောင်း ပြောပြချင်ပါတယ်။ ”

ဆေးရုံ၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မည်သို့စီစဉ်ဆောင်ရွက် ထားရှိမှုအပေါ် သိရှိနိုင်ရန်အတွက် ဘူးသီးတောင်မြို့နယ်ဆရာဝန်ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

လက်ရှိတွင် တိုက်နယ်ဆေးရုံ၌ ဆရာဝန်တစ်ဦးနှင့် သူနာပြုနှစ်ဦးသာရှိခြင်းကြောင့် ၀န်ထမ်းအင်အား မလုံလောက်မှုများ၊ ပြင်ပလူနာများအတွက် ဆေးဝါးမလုံလောက်မှုများ၊ ခွဲစိတ်ခန်းအဆင်မပြေမှုများ ရှိနေသော် လည်း လူနာများအဆင်ပြေအောင်တော့ အတတ်နိုင်ဆုံး ကုသပေးနေသည်ဟု တာဝန်ကျဆရာဝန်၏ ပြောဆိုချက်အရ သိရသည်။

စေတီတောင်တိုက်နယ်ဆေးရုံသည် အနီးအနားကျေးရွာပေါင်း ၂၀ ကျော်လောက်မှ အားထားနေရသည့် ဆေးရုံကြီးတစ်ခုဖြစ်ပြီး မိုးတွင်းရာသီဆိုလျှင် ဘူးသီးတောင်သို့သွားရသည့် ကုန်းလမ်း၊ ရေလမ်းများမှာ လူနာများအတွက် အခက်အခဲဖြစ်သောကြောင့် တိုက်နယ်ဆေးရုံမှာ အစစအရာရာ အဆင်ပြေစေချင်သည်ဟု စေတီတောင်ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်သန်းစိုးက ပြောသည်။

“ နွေဆိုရင်တော့ ကားလမ်းပေါက်နေရင် အကြောင်းကြောင်းကြောင့် ဆရာဝန်၊ သူနာပြုမရှိရင်လည်း သွားရလာရတာ လွယ်ကူပါတယ်။ အခုက မိုးတွင်းဆိုတော့ ရေလမ်း၊ ကုန်းလမ်းနှစ်ခုလုံးက သွားရတာ အဆင်မပြေပါဘူး။ ဒါကြောင့် များသောအားဖြင့် မွေးလူနာတွေအတွက်ဆိုရင် အမြဲတမ်းလိုလို ဒီမှာ ဆရာဝန်က ရှိနေဖို့လိုအပ်ပါတယ်။ ဒါ့အပြင် တခြားအကူဆရာ၊ ဆရာမတွေလည်းပဲ အများကြီးရှိဖို့ လိုအပ်ပါတယ်။ ဒီဆေးရုံကို ကျွန်တော်တို့ပတ်ဝန်းကျင်ရွာပေါင်း ၁၀ ကျော် ၂၀ လောက်ကနေ အများကြီးအားကိုးထားတာပါ။ ယုံကြည်ထားတာပါ။ ဒါပေမဲ့ အခုလက်ရှိအခြေအနေမှာ ကျွန်တော်တို့အားကိုးထားသလောက် စိတ်ချရတဲ့ အခြေအနေထိကို မရှိသေးပါဘူး။ အဲ့ဒီအတွက် ဒီပတ်ဝန်းကျင်ရွာတွေအကုန်လုံး ကျန်းမာရေးနဲ့ပတ်သက်လို့ လုံခြုံစိတ်ချရဖို့အတွက် ဆရာ၊ ဆရာမတွေ စုံစုံလင်လင်ရှိပြီးတော့ အမြဲတမ်းလိုလို လူနာရောက်တိုင်းမှာ အဆင်ပြေအောင် ကူညီပေးစေချင်ပါတယ်။ ” ဟု ဆိုသည်။

စေတီတောင်တိုက်နယ်ဆေးရုံကြီးကို ၂၀၁၅ ခုနှစ်က စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆေးရုံအား ပြန်လည်မွမ်းမံပေးရန် သို့မဟုတ် ရှုထောင့် အသစ်များမှ လုပ်ဆောင်ပေးရန်အတွက် သက်ဆိုင်ရာဌာနများက စီစဉ်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြခြင်းဖြစ်သည်။

Author: နေရောင်မင်း(စစ်တွေ)