ချလူးအောင်၊DMG

စက်တင်ဘာ ၉၊ မောင်တော

မောင်တောမြို့နယ် ကြိမ်ချောင်း နယ်မြေရဲစခန်း ဂိတ်တွင် ယာဉ်တစ်စီးအား မသင်္ကာ၍ စစ်ဆေးရာ ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို စက်တင်ဘာလ(၇)ရက်နေ့ နေ့လည်ပိုင်းက ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ စခန်းမှ သိရသည်။

 

 မောင်တောမြို့မှ တောင်ပြိုလက်ဝဲမြို့သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 2D-4201 ယ CR-V (အစိမ်းရောင်)ယာဉ်တွင် တင်ဆောင်လာသည့်WY စာတမ်းပါ စိတ်ကြွဆေးများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

 ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများမှာ ပန်းရောင် ၁၇၁၄၀ ပြား၊ အ၀ါရောင် ၃၄၃၀ ပြား နှင့် အစိမ်းရောင် ၃၀ ပြားတို့ဖြစ်ပြီး စုစုပေါင်း ၂၀၆၀၀ ပြား ဖြစ်သည်။ ကာလတန်ဖိုး  ၄၁၂၀၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

 

၎င်းအပြင် မူယစ်ဆေးဝါးများနှင့်အတူ ရွှေလက်စွပ်(၁၂)ကွင်း ရွှေဆွဲကြိုး (၉)ကုံး ရွှေနားဆွဲ(၈)ခု စုစုပေါင်းရွှေအလေးချိန်(၅)ကျပ်သားကျော်နှင့် ငွေစက္ကူ ၂၈ သိန်းကိုပါ ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။

 

 ဖမ်းဆီးရမိသူအား မယ(ပ)၂/၂၀၁၈၊ မူး/စိတ်  ပုဒ်မ ၁၉(က)၂၀/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကြိမ်ချောင်း နယ်မြေရဲစခန်းမှ သိရသည်။

 

Author: ချလူးအောင်