ချလူးအောင် | DMG

မေလ ၃၀၊ စစ်တွေ

ကဆုန်လဆုတ် ၁၂ ရက်နေ့တွင် ကျရောက်သည့် ခမီတိုင်းရင်းသားများ၏ ရိုးရာကောက်ဦးချပွဲ အခမ်းအနားကို မေလ ၃၀ ရက်နေ့တွင် မြောက်ဦးမြို့၊ လောင်းရှည်ချောင်းကျေးရွာတွင် ကျင်းပခဲ့ကြသည်။

ရိုးရာကောက်ဦးချပွဲကို ယခင်က မိသားစု ငါးစုခန့်စုပေါင်းပြီး ပြုလုပ်ခဲ့ရာမှ လွန်ခဲ့သည့် ၃ နှစ်ခန့်က စတင်ပြီး ခမီတစ်မျိုးသားလုံး ပါဝင်ဆင်နွှဲကြခြင်းဖြစ်သည်။

“အခုကောက်ဦးချပွဲမှာ စိုက်ပျိုးမယ့် ကောက်ပဲသီးနှံတွေဖြစ်တဲ့ ကောက်ညှင်းစပါး၊ ကောက်ကြီးစပါးတွေနဲ့ တောင်ယာမှာစိုက်ပျိုးမယ့် သခွါး၊ ဖရုံ စတဲ့ မျိုးစေ့တွေကို စုပေါင်းပြီး ဝက်သွေး၊ ကြက်သွေးတွေနဲ့ ရောနှောရတယ်။ ရောတဲ့အထဲမှာ ကြက်အစာထုတ်ကိုပါ အဓိကထားပြီး ထည့်ရောရပါတယ်။ ရောပြီးရင် စိုက်ပျိုးမယ့် မြေနေရာမှာချရပါတယ်။ ကောက်စပါးတွေအောင်မြင်ဖို့  စိုက်ပျိုးသူတွေလည်း ကျန်းမာရေးကောက်းမွန်ဖို့ ရည်ရွယ်ပြုလုပ်ရတာဖြစ်တယ်” ဟု ခမီလူမျိုးများ စာပေနှင့်ယဉ်ကျေးမူကော်မတီ ဥက္ကဋ္ဌ ဦးလေးကျော်အောင်က ပြောကြားသည်။

ခမီလူမျိုးတို့သည် ကဆုန်လဆုတ် ၁၂ ရက်နေ့တွင် တောင်ယာလုပ်ငန်းကို စတင်လုပ်ကိုင်ကြသောကြောင့် ယင်းနေ့ကို ကောက်ဦးချပွဲနေ့ဟု သတ်မှတ်ခြင်းဖြစ်သည်။ ထို့အပြင် တောင်ယာဟင်းစားပွဲကိုလည်း ဝါခေါင်လတွင်ပြုလုပ်ပြီး ကောက်သစ်စားပွဲကို တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့တွင် ပြုလုပ်လေ့ရှိသည်ဟု ၎င်းက ဆက်လက် ဆိုသည်။

ပထမအကြိမ် ကောက်ဦးချပွဲကို မြောက်ဦးမြို့နယ်၊ မောင်နှမကျေးရွာတွင်လည်းကောင်း၊ ဒုတိယအကြိမ် ကောက်ဦးချပွဲကို အကြီးတော်မ ကျေးရွာတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကာ ယခု လောင်းရှည်ချောင်းကျေးရွာတွင် ပြုလုပ်ခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်သည်။