
ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၈ ခုနှစ်၊ ဇောင်း(ပုဏ္ဏားကျွန်း) / DMG
ရခိုင်ပြည်နယ်ရှိ ဌာနေခမီတိုင်းရင်းသားတို့၏ တတိယအကြိမ်မြောက် နှစ်သစ်ကူးနေ့ပွဲတော်ကို ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မတီးခမီကြိမ်ချောင်းကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မိမိတို့ ရိုးရာဓလေ့၊ အစဉ်အလာ မပျောက်ပျက်အောင်၊ လူငယ်၊ လူရွယ်များအနေဖြင့်ဘိုးဘွားများလက်ထက်က ဆင်ယင်ကျင်းပလာသည့် ပွဲတော်၊ ယဉ်ကျေးမှုများကို လက်ဆင့်ကမ်း ထိန်းသိမ်းတတ်စေရန် ကျင်းပခြင်းဖြစ်သည်။ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရန်အတွက် ခမီတိုင်းရင်းသားများ နှစ်သစ်ကူးနေ့မှာ တစ်စုတစ်ပေါင်းတည်း တွေ့ဆုံပြီး စည်းလုံးညီညွတ်မှု ခိုင်မြဲလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဟု ခမီစာပေနှင့် ယဉ်ကျေးမူအဖွဲ့ ဥက္ကဋ္ဌ ဦးလေကျော်အောင်က ပြောသည်။

ခမီတိုင်းရင်းသားများအနေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နှစ်သစ်ကူးပွဲတော်ကို ဘူးသီးတောင်မြို့နယ်၊ ၀ါးခုတ်ချောင်းကျေးရွာ၌ ကျင်းပခဲ့ပြီး တတိယအကြိမ်မြောက်ပွဲတော်ကို စမ္မတီးခမီကြိမ်ချောင်းကျေးရွာအပြင် ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ကျင်းပခဲ့ကြသည်။
ခမီနှစ်သစ်ကူးပွဲတော်တွင် ရိုးရာယဉ်ကျေးမူအကများဖြင့် ဖြေဖျော်ကြပြီး ရှေးမူမပျက် စီမံချက်ပြုတ်ထားသော ရိုးရာအစားအစာများ၊ခမီတိုင်းရင်းသားတို့၏ ရိုးရာခေါင်ရေများနှင့် ပွဲတော်လာပရိသတ်များအား ဧည့်ခံကျွေးမွေးခဲ့သည်။
ရခိုင်ပြည်နယ်တွင် ခမီတိုင်းရင်းသား (၈)သောင်းကျော်ရှိပြီး စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြားနှင့် အမ်း စသည့်မြို့နယ်တို့တွင် နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကို ဘိုးဘွားစဉ်ဆက် အဓိက လုပ်ကိုင်ကြသည်။




