ဇောင်း (ပုဏ္ဏားကျွန်း) / DMG
ဇန်နဝါရီလ ၃၀ ၊ ပုဏ္ဏားကျွန်း
ဖက်ဆစ်တော်လှန်ရေး ကာလအတွင်း ပါဝင်ခဲ့သည့် ခမီတိုင်းရင်းသား မော်ကွန်းဝင်ရဲဘော်များအတွက် မြောက်ဦးမြို့နယ် အကြီးတော်မကျေးရွာတွင် မော်ကွန်းကုန်းတည်ဆောက်ရန် စတင်လုပ်ဆောင်နေကြောင်း သိရသည်။
ကျောက်တိုက်ကျေးရွာတွင် ဂျပန်တပ်စခန်းချခဲ့သည့်နေရာ၊ တော်လှန်ရေးကို ဦးဆောင်ခဲ့သူတို့၏ သင်္ချိုင်းအုတ်ဂူတို့မှာ ယနေ့ထိတိုင် တည်ရှိနေသေးပြီး မော်ကွန်းဝင် ခမီအမျိုးသားများမှာ ပထမအဆင့် ၁ ဦး၊ ဒုတိယ အဆင့် ၁၃ ဦးနှင့် တတိယအဆင့် ၇၇ ဦးရှိကြောင်း သိရသည်။
ယခုတည်ဆောက်မည့် မော်ကွန်းဝင်ကုန်းအား မြေ ၂ ဧက အကျယ်အဝန်းတွင် ပြုလုပ်မည်ဖြစ်ပြီး မော်ကွန်းဝင်ပုဂ္ဂိုလ်အများစုမှာ ကွယ်လွန်သွားကြပြီဖြစ်၍ ၎င်းတို့အားရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ပေးရန်နှင့် မျိုးဆက်သစ် ခမီလူငယ်များအား ဘိုးဘွားတို့၏ ဆောင်ရွက်မှုသမိုင်းကို သိရှိစေရန်အတွက် ရည်ရွယ်ကြောင်း မော်ကွန်းကုန်းဖြစ်မြောက်ရေး ဦးဆောင်ပါဝင်သူ ဦးစိန်လှကျော်က ပြောသည်။
“မိသားစုတွေက တစုတစည်းတည်း နေရာသတ်မှတ်ပြီးတော့မှ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၂၅ ရက်နေ့ဆိုတာ ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့တဲ့နေ့ မော်ကွန်းဝင်ရဲဘော်များနေ့ဆိုပြီး သတ်မှတ်ပြီးတော့ မော်ကွန်းဝင် ရဲဘော်တွေကို တစုတစည်းတည်း ကောင်းမှုကုသိုလ် လုပ်ပေးဖို့ပါ” ဟု ဦးစိန်လှကျော်က ဆိုသည်။
မြန်မာတနိုင်ငံလုံးတွင် ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၌ စတင်ခဲ့သည် ဆိုသော်လည်း ရခိုင်ပြည်နယ်တွင်မူ ၁၉၄၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။
ထိုနေ့တွင် မြောက်ဦးမြို့နယ် အကြီးတော်မတိုက်နယ် ကျောင်းတိုက်ကျေးရွာရှိ ဂျပန်စစ်ဌာနချုပ်ခွဲကို ဒေသခံတော်လှန်ရေးရဲဘော်များမှ သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းအထိမ်းအမှတ်အဖြစ် အကြီးတော်မကျေးရွာတွင် မော်ကွန်းကုန်း တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျောက်တိုက်ရွာရှိ ဂျပန်တပ်စခန်းကို သိမ်းပိုက်ခဲ့သည်ကို သမိုင်းမှတ်တမ်းအချို့တွင် ပျားတဲ ကျောင်းတိုက်ဟု မှားယွင်းမှတ်တမ်းတင်နေကြပြီး သမိုင်းအား အမှန်ဖြစ်စေလိုကြောင်း ခမီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးလေကျော်အောင်က ပြောသည်။
“ကျောင်းတိုက်ကျေးရွာလို့ မသိဘဲနဲ့ ပျားတဲကျောင်းတိုက်ရာလို့ ဖြစ်နေပါတယ်။ ပျားတဲကျေးရွာရဲ့ ကျောင်းတိုက်နေရာလို ဖြစ်နေပါတယ်။ ကျောင်းတိုက်ကျေးရွာသည် သီးခြားရွာ တစ်ရွာ၊ အဲ့ဒီကျောင်းတိုက် ကျေးရွာက ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလကလည်း အိမ်ခြေ ၂၀၊ အခုလည်း ၂၀” ဟု ဦးလေကျော်အောင်က ဆိုသည်။
လွတ်လပ်ရေးမော်ကွန်းဝင်အဖြစ် မှတ်တမ်းဝင်ခဲ့သည့် ဦးအာဝင်း၊ ဦးအင်္ဂါ၊ ဦးအောင်ထွန်းကြီး၊ ဦးအာဦး တို့မှာနာမည်ကြီးပြီး ပျားတဲ(လောင်ရှည်ချောင်း)ကျေးရွာမှ ဒေါ်ကြက်ဥ၊ ဒေါ်လဆောင်တို့လည်း ပါဝင်ခဲ့ကြောင်း မှတ်တမ်းများအရဘ သိရသည်။




