နေရောင်မင်း(စစ်တွေ)၊ DMG

စက်တင်ဘာလ ၂၄၊ စစ်တွေ

ချင်းပြည်နယ်၊တီးတိန်ရဲစခန်းတွင် ဖမ်းဆီးခံနေရသည့် ရခိုင်လူငယ် (၅) ဦးသည် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များမဟုတ်ဟု ရက္ခိုင့်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG ကိုပြောသည်။

မောင်အေးနိုင်၊မောင်သန်းစိုးဝင်း၊မောင်ခိုင်စိုး၊မောင်မျိုးမင်းလှိုင် ၊မောင်ရွှေဝင်းတို့သည် ရခိုင်မှ ရန်ကုန်၊ရန်ကုန်မှ ကလေးမြို့၊ကလေးမြို့မှ ရိဒ်နယ်စပ်ဂိတ်၊နယ်စပ်ဂိတ်မှ ဗုဒ္ဓဂါယာသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းကြောင့် ရက္ခိုင့်တပ်မတော်(AA) နှင့် ပတ်သတ်မှု ရှိ၊မရှိ တီးတိန်မြို့ရဲစခန်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့က ဖမ်းဆီးစစ်ဆေးနေသည်ဟု ချင်းပြည်နယ်အခြေစိုက် The Chinland Post က ရေးသား ဖော်ပြခဲ့သည်။  

ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “အဲဒီကလေးတွေဟာ ဗုဒ္ဓဂါယာဘက်မှာ ဧည့်လမ်းညွှန်လုပ်နေကြတာပါ။ သူတို့ရဲ့ အထောက်အထားတွေ တောင်မှာ ကျနော် Facebook မှာ တင်ထားတာတွေကိုလည်း တွေ့မိတယ်။ တကယ်တော့ သူတို့ဟာ ဧည့်လမ်းညွှန် လုပ်နေတဲ့ သူတွေပါ။ AA နဲ့ပတ်သတ်မှုမရှိပါဘူး”ဟု ဆိုသည်။

“ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်ပက်သက်သည်”သူသော အကြောင်းပြချက်ဖြင့် ရခိုင်လူထုများကို ပစ်မှတ်ထားကာ လုပ်ကြံစွပ်စွဲမှုများ၊အမှုဆင်ဖမ်းဆီးထောင်ချမှုများ၊ မတရားစွပ်စွဲကာ ဥပဒေမဲ့ ပစ်ခတ်သတ်ြဖတ်မှုများကို အစိုးရနှင့်တပ်မတော်တို့က ယခုနှစ်အတွင်း ခပ်စိပ်စိပ်ပြုလုပ်နေသည်ဟု စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

 

ယင်းသို့ လုပ်ရပ်များမှာ လက်ရှိအစိုးရနှင့် တပ်မတော်တို့ ဦးဆောင်ပြုလုပ်နေသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အနှောင့်အယှက်ဖြစ်စေသည်ဟု ထုတ်ပြန်ချက်မှာဆိုထားသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်း၊ရခိုင်ပြည်ပြင်ပနှင့် ဗမာပြည်အတွင်း သွားလာနေထိုင်ကြသော ရခိုင်လူမျိုးများကို အစိုးရနှင့်တပ်မတော်တို့မှ ဥပဒေမဲ့ ဗြောင်ကျကျ သတ်ဖြတ်နေခြင်းများကို ကန့်ကွက်ရှုတ်ချပြီး ယင်းကိစ္စရပ်များအတွက် တပ်မတော်မှ ကျူးလွန်သော အချက်အလက်များနှင့် သက်သေများကို စုံစမ်းစုဆောင်းပြီး နိုင်ငံတကာ အဖွဲ့အစည်းများထံ တိုင်ကြားသွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

ရခိုင်လူငယ် (၅) ဦးဖမ်းဆီးခံနေရခြင်းနှင့် ပတ်သတ်ပြီး ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်၊လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်ကို ဆက်သွယ်ခဲ့သော်လည်း သတင်းအချက်အလက်များမရှိဟု ဆိုသည်။

တီးတိန်ရဲစခန်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ယင်းကိစ္စနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိပေ။