နေရောင်မင်း | DMG
ဇူလိုင် ၃၁၊ စစ်တွေ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတလင်းကျေးရွာမှ ရွာသားများကို အုန်းသီးဝကျေးရွာရှိ ရပ်မိ၊ရပ်ဖများထံတွင် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်ခန့််တွင် အပ်နှံထားခဲ့ပြီဟု ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်သည်။
မိုးတွင်းကာလ၌ ယင်းရွာသူ၊ရွာသားများမှာ နေထိုင်ရေးအခက်အခဲရှိသည်ဟု ပြောဆိုလာပြီး မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်လိုသည်ဟု ပြောဆိုလာသောကြောင့် အုန်းသီးဝကျေးရွာသို့ သွားရောက်ကာ အပ်နှံခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကူညီစောင့်ရှောက်မှုအောက်တွင် မရှိတော့ကြောင်း AA ဘက်က အသိပေးထားသည်။
ကင်းတလင်းကျေးရွာသား (၅၄) ဦးကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကပင် AA က ဖမ်းဆီးထားသည်ဟု ချင်းအရပ်ဖက်အဖွဲ့အစည်းများက စွပ်စွဲကြသည်။ ယင်းအထဲမှ ၁၂ ဦးမှာ ဇွန်လ ၂၆ ရက်နေ့က AA ထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်ဟု ချင်းအရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုကြသည်။
သို့သော် ယင်းရွာသားများကို မိမိတို့ ဖမ်းဆီးထားခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားသော စိတ်ဓာတ်များဖြင့် အကူအညီပေးကယ်ဆယ်ခဲ့ခြင်းဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ဒေသတိုက်ပွဲများအတွင်း မိမိတို့ထိန်းသိမ်းထားသောသူများထဲမှ စစ်ဖက်ရေးရာနှင့် မသက်ဆိုင်သော သူများကိုလည်း သင့်တော်ပြီး လုံခြုံစိတ်ချရသောအခြေအနေ၊ အန္တရာယ်ကင်းသော အခြေအနေတစ်ခုအောက်တွင် အမြန်ဆုံးပြန်လည် လွှတ်ပေးသွားမည်ဟုလည်း AA က ထုတ်ပြန်ထားသည်။




