ခိုင်ရိုးလ၊ DMG

အောက်တိုဘာလ ၆၊စစ်တွေ

ကျောက်ဖြူမြို့နယ်တွင် ခုံး(ဂုံး)သေဆုံးမှုနှင့်ပတ်သက်ပြီး Facebook ပေါ် တင်မှုကြောင့် အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဖြင့် အမှုဖွင့်ထားကြောင်း အမ်းမြို့မရဲစခန်းက သိရသည်။

ကျောက်ဖြူမြို့နယ်၊လောင်းချောင်းမြစ်ကြောင်းနှင့်ကျားအိုချောင်းတို့တွင် ခုံးသေဆုံးမှုများနှင့်ပတ်သတ်ပြီး သတင်းမှား တင်သည်ဟုဆိုကာ  ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးက အမ်းမြို့မရဲစခန်းတွင် အောက်တိုဘာလ ၁ ရက်နေ့က တိုင်ချက်ဖွင့်လိုက်သည်ဟု သိရသည်။

ကိုမျိုးလွင်သုံးစွဲနေသည့် ကိုမျိုးလွင် အမ်း Facebook  အကောင့် တွင် စက်တင်ဘာလ ၂၂ ရက်နေ့က “မဒေးကျွန်း တဝိုက်မှ စတင်ခဲ့သည့် ရေအမဲရောင် ညစ်ညမ်း ရေထုတွေက မူလ ရေအရည်အသွေးကို ကျဆင်းစေပါတယ်၊ ဂုံးကောက်တဲ့ ရေလုပ်သားများ ကိုယ်အရေအပြားအနာများဖြစ်စေတယ် ” စသည်ဖြင့် ရေးတင်ထားသည်ကို တွေ့ရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး ကိုမျိုးလွင်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက အောက်တိုဘာလ ၆ ရက်နေ့တွင် ရဲစခန်းကို လာရောက်ရန်အကြောင်းကြားသော်လည်း ခရီးလွန်နေသောကြောင့် မလာရောက်နိုင်သေးဟု အကြောင်းပြန်လိုက်သည်ဟု ကိုမျိုးလွင်က ပြောသည်။

သို့သော်လည်း Facebook ပေါ်တင်ခဲ့သည့် မည်သည့် Post ကြောင့် တိုင်ချက်ဖွင့်ခံထားရသည်ကို မသိရှိရသေးဟု ကိုမျိုးလွင်က ဆက်လက်ဆိုသည်။

“(ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး )ကတော့ Facebook ပေါ်မှာတင်ထားတဲ့ အကြောင်းအရာလို့ပြောတာပေါ့နော်။ ဘယ်နေ့တင်တဲ့အကြောင်းလဲသိချင်တာပေါ့။ ကျနော်တို့ကလည်း ဥပဒေလမ်းကြောင်းအရ ပြန်ပြီး ချေပလို့ရအောင်အတွက်လေ”ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့နယ်သံဇစ်မြစ်ရေတွင်ရေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက်ဂုံးများအစုလိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့သောကြောင့် ပြည်သူလူထုများက စိုးရိမ်မှုမြင့်တက်သွားသည်။

ကျောက်ဖြူမြို့နယ်တွင် ခုံးသေဆုံးခြင်းမှာ မိုးရေများပြီး ရေချိုဝင်ရောက်မှုကြောင့် သေဆုံးခြင်းဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ကိုမျိုးလွင်သည် အမ်းမြို့နယ်အတွင်း ရေနံနှင့် သဘဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း လယ်ယာမြေ လျော်ကြေးပြဿနာနှင့် ပတ်သက်၍ တရုတ် CNPC ကုမ္ပဏီနှင့် MOGE ကို သင်္ချိုင်း ၄ ခုတွင် ကျိန်စာတိုက်မှုဖြင့်လည်း ငြိမ်းစုစီဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရသည်။