
ခိုင်ရိုးလ၊ DMG
နိုဝင်ဘာ ၁၀၊ ဂွ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ရခိုင်ရိုးမတောင်တန်းမှ ဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ဒေသခံ လယ်သမားများပိုင်သည့် စပါခင်းစိုက် ဧက ၂၀ ခန့်ပျက်စီးမှုများရှိနေကြောင်း ဘဝင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ရခိုင်ရိုးမတောင်မှ ဆင်ရိုင်းများ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ ဘဝင်ကျေးရွာအနီးတဝိုက် စပါးစိုက်ခင်းများသို့ နှစ်စဉ်ဝင်ရောက်လာလေ့ရှိပြီး ယခုအခါတွင် အချိန်တစ်လခန့် ရှိပြီဖြစ်ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု များပြားနေကြောင်း ဘဝင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။
“ ဂွမြို့နယ် ဘဝင်အုပ်စုထဲက ကတက်ချောင်း၊ တောင်ဟိန်းတို့ စတဲ့နေရာတွေက လယ်ယာမြေတွေမှာ ဆင်ရိုင်းတွေဖျက်ဆီးနေတာပါ။ ခန့်မှန်းခြေ လယ်မြေဧက ၂၀ ခန့်ပျက်စီးသွားပါပြီ။ ဒီတောဆင်ရိုင်းတွေဟာ ရခိုင်ရိုးမကနေ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဆင်တွေဝင်ရောက်ဖျက်ဆီးနေတာ တစ်လလောက်ရှိပါပြီ ” ဟု ဘဝင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇေယျာအောင်က DMG ကို ပြောသည်။
အဆိုပါဆင်ရိုင်းများမှာ ညအချိန်တွင် ဝင်ရောက်ဖျက်ဆီးမှုများရှိနေကာ သစ်တောတာဝန်ရှိသူများမှ ဗျောက်အိုးများဖောက်ပြီး ခြောက်လှန့်မှုများရှိနေသော်လည်း ယင်းဆင်များမှာ ကြောက်လန့်ထွက်ပြေးခြင်း မရှိဟုလည်း ၄င်းကဆိုသည်။
“ အဓိကဆင်ရိုင်းတွေက ညဘက်မှာ ဝင်ရောက်ဖျက်ဆီးမှုက ပိုများပါတယ်။ ကျနော်ကိုယ်တိုင် ကြုံဖူးပါတယ်။ ညက ၁၁ နာရီလောက်ကလည်း ဆင်တစ်အုပ် ဝင်ရောက်ခဲ့ပါတယ်။ ဆင်က အုပ်စုလိုက်ပါဘဲ။ ၁၀ ကောင် ၁၂ ထိ ရှိပါတယ်။ တခါတလေကျတော့ အုပ်ကွဲပြီး ၆ ကောင် ၄ ကောင်တစ်စုကိုလည်း တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ညဘက်မှာ စပါးခင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ခက်ခဲပါတယ်။ အန္တရာယ်ပိုကြီးတာဆိုတော့ ထိန်းမနိုင်ပါဘူး ” ဟု ဦးဇေယျာအောင်က ပြောသည်။
ယင်းဒေသရှိဒေသခံများမှာ ဥယျာဉ်တောင်ယာလုပ်ငန်းများကို အဓိက လုပ်ကိုင်နေခြင်းဖြစ်သည်။ လက်ရှိတွင် ထိုဆင်ရိုင်းများဖျက်ဆီးမှုကြောင့် စပါးရိပ်သိမ်းမှုများမှာ အခက်ခဲများရှိနေသောကြောင့် ယင်းဆင်များကို ဆင်ဘေးမဲ့တောသို့ ရောက်အောင် မောင်းနှင်ပို့ဆောင်မှုကို လိုလားနေကြသည်။
ဘဝင်ကျေးရွာတွင် အိမ်ထောင်စု ၅၀၀ ကျော်နှင့် လူဦးရေ ၁၄၀၀ ကျော်ရှိကာ ယခုကဲ့သို့ ဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးမှုကို မကြာခဏခံစားနေကြရကာ တာဝန်ရှိသူများမှလည်း ထိထိရောက်ရောက် ဖြေရှင်းပေးမှုမရှိသေးကြောင်းဒေသခံများမှ ပြောဆိုနေကြသည်။




