
(ဂွမြို့နယ်ဆိုင်းဘုတ်။ ဓါတ်ပုံ - မျိုးမြင့်ဇော်/DMG)
မေလ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်၊ ဂွမြို့ (DMG) ။ ။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဇီးကုန်းကျေးရွာအနီးတွင် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း တစ်ခုနှင့် ဟိုတယ်၊ အပန်းဖြေနေရာများ ဆောက်လုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီစဉ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။
ဇီးကုန်းကျေးရွာအနီးတွင် အစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဧရိယာအကျယ် ၃၆ဒသမ ၄ ဧကမှာ ဆောက်လုပ်သွားမည်ဖြစ်ပြီး ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် စီစဉ်ခြင်းဖြစ်ကြောင်းဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
“ ကမ်းသာယာ မြို့ဆိုပြီးတော့ ဧရိယာ တစ်ခုလုပ်မယ်။ အဲဒီမှာ ဟိုတယ်တွေပါမယ်။ Shopping house ပါမယ်။ သင်တန်းကျောင်းလည်းပါမယ်။ အများပြည်သူ အပန်းဖြေဖို့အတွက် နေရာလည်းပါမယ်။ သင်တန်းကျောင်းတစ်ခုပါမယ်။ သင်တန်းကျောင်းကတော့ ဟိုတယ်သင်တန်းကျောင်းဖြစ်တယ်။ ဘယ်လောက်ကုန်ကျမယ်ဆိုတာ တွက်ချက်နေတယ်။ အဲဒါတွေကိုလုပ်ဖို့ ဒီနှစ်အတွင်းလုပ်ဖို့ စီစဉ်နေပါတယ်။ ” ဟု ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ဆိုသည်။
ရခိုင်ပြည်နယ် ငပလီကမ်းခြေ၌ အနာဂတ်ကာလများတွင် ဧည့်သည်ဝင်ရောက်မှု ပိုမိုများပြားလာမည်ဖြစ်ရာ ကမ်းခြေမှာအရည်အသွေး ကျဆင်းလာမည်ဖြစ်သောကြောင့် ထိန်းသိမ်းသင့်သည့်အပိုင်းကို ထိန်းသိမ်းသည့်အနေဖြင့် ကမ်းသာယာကမ်းခြေတွင်လည်း သွားရောက်အပန်းနိုင်စေရန် ကမ်းသာယာကမ်းခြေအနီး (ဇီးကုန်းကျေးရွာအနီးတွင်) လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းနှင့် ဟိုတယ်၊ အပန်းဖြေနေရာကို ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။





