
ခိုင်ရိုးလ / DMG
ဖေဖော်ဝါရီ ၁၄ ၊ စစ်တွေ
သံတွဲမြို့နယ် ငပလီကမ်းခြေရှိ သဲသောင်မြေတွင် ဟိုတယ်နှင့် ဈေးဆိုင်ခန်းများ ကျူးကျော်ဆောက်လုပ်ထားမှုကို သံတွဲခရိုင်စီမံခန့်ခွဲရေးကော်မတီမှ စိစစ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောသည်။
ငပလီကမ်းခြေတွင် ဟိုတယ် ၁၄ ခုရှိရာတွင် ၇ ခုမှာ စည်းကမ်းချိုးဖောက်ပြီး သဲသောင်မြေပေါ်တွင် ဥပဒေမဲ့ကျူးကျော်ပြီး စားသောက်ဆိုင်များ၊ ရေကူးကန်များ၊ လှိုင်းကာများပြုလုပ်ထားသောကြောင့် အများပြည်သူပိုင်ဆိုင်သည့် သဲသောင်မြေများ ပျက်စီးနေရကြောင်း သိရသည်။
ထိုသို့ ဟိုတယ်များမှ စည်းကမ်းချိုးဖောက်မှုရှိ၊ မရှိကို သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ စိစစ်လျက်ရှိသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးကျော်အေးသိန်းက ဆိုသည်။
“ကျွန်တော်တို့ သက်ဆိုင်ရာခရိုင်စီမံခန့်ခွဲမှုကော်မတီကို အဲဒီဟိုတယ်တွေကို စီစစ်ဖို့အတွက် တာဝန် ပေးပြီးသားဖြစ်ပါတယ်။ စီစစ်တွေ့ရှိမှုတွေအပေါ်မှာဘဲ ပြည်နယ်အစိုးရအနေနဲ့ လိုအပ်သလို ဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု ဦးကျော်အေးသိန်းက ပြောသည်။
ဟိုတယ်များမှ ငပလီကမ်းခြေသဲသောင်ပြင်တွင် ကျူးကျော်နေမှုများကြောင့် နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်စားမှုနည်းလာသည့်အတွက် အရေးယူဆောင်ရွက်ပေးစေလိုကြောင်း သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောသည်။
“ဟိုတယ်တွေက သူတို့ရဲ့ရှေ့မျက်နှာစာကို သူတို့ပိုင်တယ်ဆိုပြီးတော့ လုပ်ချင်ရာလုပ်တယ်။ အဆောက် အဦတွေ ဆောက်တယ်။ ဒေသခံတွေအနေနဲ့ရော၊ ငပလီအတွက်ရော ကမ်းခြေကြီးက ပျောက်လာတဲ့ အတွက် ရေရှည်အားဖြင့် ငပလီရဲ့ပုံရိပ်တွေကျတယ် ” ဟု ဦးနိုင်ကြွေအေးက ဆိုသည်။
ထိုသို့ ငပလီကမ်းခြေတွင် သဲသောင်များ ပျောက်ကွယ်လာနေပြီး နိုင်ငံခြားခရီးသွားများမှာလည်း ကမ်းခြေကို စိတ်ဝင်စားမှုနည်းလာနေသည့်အတွက် ကျူးကျော်ဆောက်လုပ်ထားသည့် ဟိုတယ်များကို အမြန်ဆုံးဖယ်ရှားပေးရန်နှင့် ဥပဒေနဲ့အညီအရေးယူပေးရန်လိုကြောင်း ဦးနိုင်ကြွေအေးက ပြောသည်။
အဆိုပါကမ်းခြေတွင် ကျူးကျော်ထားသည့် ဟိုတယ်များကို အရေးယပေးရန် ရှိ၊ မရှိကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။




