ခိုင်ရိုးလ | DMG

ဧပြီလ ၂၉၊ စစ်တွေ

သံတွဲမြို့နယ်၊ငပလီမြို့ ပင်လယ်နားကမ်းခြေသဲသောင်များကို ကျူးကျော်၍ ဆောက်လုပ်ထားသော ဟိုတယ် (၉)လုံးအနက်မှ Aureum Palace ဟိုတယ်တစ်ခုတည်းကိုသာ တရားစွဲထားရာ ကျန်ရှိသော ဟိုတယ် (၈)လုံး ကိုလည်း တရားဥပဒေနှင့်အညီ တရားစွဲဆိုသင့်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက လွှတ်တော်တွင် ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် အဆိုတင်သွင်းခဲ့ သည်။

ဟိုတယ်တစ်ခုတည်းကိုသာ အရေးယူမှု လုပ်ဆောင်ပြီး တခြားဟိုတယ်များကို အရေးမယူခြင်းမှာ ဥပဒေအရ ကြောသားရင်သားခွဲခြားသည့် သဘောဖြစ်နေကြောင်း သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောသည်။

 “ ဒါကြောင့် Public ဧရိယာထဲ ဥပဒေမဲ့ ကျူးကျော် ဝင်ရောက်ထားတာကို ဒီလိုပိုက်ဆံပေးတဲ့ ဟိုတယ်ကို တရားမစွဲဘူး။ ပိုက်ဆံမပေးတဲ့ဟိုတယ်ကို တရားစွဲတယ်ဆိုတဲ့ ဟာမျိုးက ဥပဒေအရ ကျောသားရင်သား ခွဲခြားပြီး ဆုံးဖြတ်သလိုဖြစ်နေပါတယ်။ အဲဒီလို  Public ဧရိယာကို ကျူးကျော်တဲ့အတွက် ငွေကြေးဒဏ်ရိုက်ပြီး လုပ်လို့ရလို့ရှိရင်လည်း ငွေကြေးပေးဆောင်ပြီး ကမ်းခြေကြီးကို သိမ်းပိုက်သွားမှာဖြစ်ပါ တယ် ” ဟု ၎င်းက လွှတ်တော်တွင် တင်ပြခဲ့သည်။

ကျူးကျော် ဟိုတယ်များသည် ဒီရေ ရိုက်ခတ်သည်ဟု အကြောင်းပြချက်ဖြင့် လှိုင်းကာနံရံ၊ရေကူးကန်၊ စား သောက်ဆိုင် စသည့် အဆောင်များ ဆောက်လုပ်နေမှုများရှိနေပြီး ယင်းသို့လုပ်ဆောင်မှုများကို ပြတ်ပြတ်သား သား အရေးယူမှု မရှိသည့်အပြင် တစ်ချို့ဟိုတယ်များထံမှ ငွေကြေးတောင်းခံနေကြောင်းလည်း ဦးနိုင်ကြွေအေး က လွှတ်တော်တွင် ပြောကြားခဲ့သည်။

“ (ငပလီက) ဟိုတယ်များကို (၇) လပိုင်းလောက်က စည်ပင်ကော်မတီအဖွဲ့ ရောက်ရှိလာပြီးတော့ ဒီဟိုတယ်က ဘယ်လောက်ကျူးကျော်တယ် သိန်းဘယ်လောက်ပေးဆိုပြီးတော့ တောင်းခံတာတွေရှိပါတယ်။ Aureum Palace ဟိုတယ်ကိုလည်း သိန်း ၁၅၀ တောင်းတဲ့ အသံဖိုင်စတစ်ကို ကျွန်တော်က လွှတ်တော်ဥက္ကဌကြီးကို ပေးပြီး တင်ပြသွားမှာဖြစ်ပါတယ် ” ဟု ၎င်းက ဆိုသည်။

ဟိုတယ်များကို ဟိုတယ်စည်းကမ်းဥပဒေအရ ဒီရေရောက်သော နေရာ၏ မီတာ ၁၅၀ အကွာမှာ မဆောက်လုပ် ဘဲ ဟိုတယ်ပိုင်နက်ကို ဒီရေရိုက်သည်ဟုဆိုကာ ကမ်းခြေရှေ့တွင် လှိုင်းကာနံရံများ၊ရေကူးကန်များ စသည်များ တိုးချဲ့ဆောက်လုပ်နေမှုကြောင့် လူသွားလမ်းများ တဖြည်းဖြည်းနှင့်ပျောက်ကွယ်လာပြီး ကုန်းပေါ်မှ ပတ်ပြီး သွားနေရကြောင်းလည်း ဦးနိုင်ကြွေအေးက တင်ပြခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း အဆိုပါ ဟိုတယ်များကို အရေးယူရန် ပြည်နယ်လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ဖူးသည်။သို့သော်လည်း အရေးယူမှု မရှိသေးကြောင့် ယခု အဆိုတင်သွင်းခြင်း ဖြစ်သည်။

ကျူးကျော်ဆောက်လုပ်နေသော ဟိုတယ်များမှာ Jasmine Hotel ၊ Amazing Hotel ၊ Ngapali Paradie Hotel ၊ Hiton Hotel ၊ PVI Hotel ၊ BT Bay Hotel ၊ Memento Hotel ၊ Jate Marina Hotel စသည်တို့ဖြစ်ကြောင်း ဦးနိုင်ကြွေအေးက လွှတ်တော်တွင် တင်ပြခဲ့သည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး Jasmine Hotelကို ဆက်သွယ်ခဲ့ရာတွင် လတ်တလောမဖြေဆိုနိုင်သေး ကြောင်း၊ Ngapali Paradie Hotelကို ဆက်သွယ်ခဲ့ရာတွင် အဆက်အသွယ်မရရှိခဲ့ပေ။ တခြားဟိုတယ်များနှင့် အဆက်အသွယ်ရရှိရန် DMG ကကြိုးပမ်းနေသည်။

 

Author: ခိုင်ရိုးလ