(အဆိပ်သင့်သေဆုံးသူ ဦးတိုးမြင့်ဆွေ နှင့် ၄င်း၏ သမီး။ ဓာတ်ပုံ - မျိုးမြင့်ဇော် / DMG

မေလ ၁၇၊ ၂၀၁၇ ခုနှစ်၊ ဂွ (DMG)။     ။ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ မကျေးငူအုပ်စု ရွှေယကြိုင်ကျေးရွာမှ တံငါမိသားစု ၃ ဦးမှာ အိမ်ထောင်ဦးစီးဖြစ်သူ ဖမ်းမိလာသည့် ငါးပူတင်း၏ သည်းခြေနှင့် ကလီစာကို ချက်စားခဲ့ရာမှ အဆိပ်သင့်ကာ မိသားစု ၃ ဦးစလုံး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

'' ဖြစ်စဉ်ကတော့ ငါးပူးတင်းရဲ့အူတွေ အသည်းတွေ ချက်ပြီးတော့ စားတာလို့ သူ့မိန်းမက ပြောခဲ့တယ်။ အဲဒါမှာ ဆေးရုံရောက်လာတယ်။ ကောင်လေးနဲ့ သူ့သမီးလေးက လမ်းမှာတင် သတိလစ်လာတယ်။ ဆေးရုံရောက်တော့ ကောင်လေးက အရင်ဆုံး ဆုံးတယ်။ သူ့သမီးကို နောက်မှဆုံးတယ်။ ဆေးနည်းနည်း ကုလိုက်ရတယ်။ သူ့အမျိုးသမီးကတော့ အကုန်လုံးပြောပြနိုင်ပြီးတော့မှ ဆုံးသွားတယ် '' ဟု သေဆုံးသွားသော မိသားစု ၃ ဦးနှင့် တစ်ရွားတည်းနေသည့် မိတ်ဆွေဖြစ်သူ ဦးလှဌေး က DMG ကို ပြောပြသည်။

သေဆုံးသွားသော မိသားစု ၃ ဦးမှာ ဦးတိုးမြင့်ဆွေ(၃၀)နှစ် နွယ်နွယ်လှိုင်(၂၅)နှစ်နှင့် ၄င်းတို့ သမီး မလင့်လတ် ဝေ(၅)နှစ်ခွဲတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းကို ဂွမြို့နယ် ကုတင် ၅၀ ဆန့် ပြည်သူ့ ဆေးရုံးကြီးရှိ ရင်ခွဲရုံတွင် ရင်ခွဲစစ်ဆေးခဲ့ပြီး ဂွမြို့ နယ်ရဲတပ်ဖွဲ့မှ ယင်းအဆိပ်သင့်သေးဆုံးမှုနှင့် ပတ်သက်ပြီး ရဲလုပ်ထုံးနည်းအရ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Author: မျိုးမြင့်ဇော်