(ငါးရှာသွားစဉ် အသတ်ခံရသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-ကျော်မင်းထွန်း)

ဒီဇင်ဘာ ၁၉၊ ၂၀၁၈ ခုနှစ်၊ ခင်သရဖီဦး/DMG

မောင်တောမြို့နယ်၊ အထက်ပြူးမ(ရခိုင်) ကျေးရွာသားနှစ်ဦး ငါးရှာရန်သွားစဉ် ပျောက်ဆုံးနေသောကြောင့် ရွာသားများက ရှာဖွေရာတွင် ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်နေ့)၊ မွန်းလွဲ ၁၁ နာရီခွဲအချိန်က ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က DMG ကိုပြောသည်။

သူတို့နှစ်ဦးကို လည်ပင်းတွင် ဒဏ်ရာများဖြင့် အထက်ပြူးမကျေးရွာအုပ်စု၊ တောင်ရင်းကျေးရွာ၏ ချောင်းကမ်းစပ်အနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သေဆုံးသူနှစ်ဦးကို  ကြိမ်ချောင်းဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေသည်ဟု  ဦးထွန်းလှိုင်က နေ့လည် ၂ နာရီ ၄၀ မိနစ်က  ဆိုသည်။

“ သတ်တဲ့သူတွေကို မသိသေးဘူး။ ဥပဒေအရ ဆောင်ရွက်ရမယ် ” ဟု ၎င်းက ပြောသည်။

၎င်းတို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ညနေပိုင်းကပင် ငါးရှာရန်သွားစဉ် ပျောက်ဆုံးနေခြင်းဖြစ်ပြီး ဦးမောင်ထွန်းအေး (အသက် ၅၆ နှစ်)နှစ်၊ ဦးမောင်မောင်သန်း (အသက် ၅၁ နှစ်) တို့ဖြစ်သည်။ သူတို့ပျောက်ဆုံးနေ၍ ဒီဇင်ဘာလ ၁၇  ရက်နေ့က လိုက်ရှာကြစဉ် ညနေ ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ရွာအနီးရှိချောင်းကမ်းစပ်တွင် အော်သံကြားသဖြင့် ပျောက်ဆုံးနေသောသူဟု ယူဆကာ ရွာသားများ လိုက်သွားကြသည်။

ယင်းသို့လိုက်သွားစဉ် ပျောက်ဆုံးနေသူများကို မတွေ့ရဘဲ ကြိမ်ချောင်းကျေးရွာမှ မရမာကြီး လူမျိုး(၂)ဦးဖြစ်သည့် နေစောထွန်းဦးနှင့် မောင်သာလှတို့အား ဒဏ်ရာအသီးသီးဖြင့် တွေ့ရှိခဲ့ကာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်သူ မောင်သာလှကို ကြိမ်ချောင်းဆေးရုံသို့ ပို့ဆောင်လိုက်သည်။ နံနက်ပိုင်းတွင် သူတို့နှစ်ဦးကို ဆေးကုသရန် မောင်တောဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။

နေစောထွန်းဦးနှင့် မောင်သာလှကို ဓားဖြင့်တိုက်ခိုက်သူများမှာ ဘင်္ဂလီ(၆) ဦးဟု တိုက်ခိုက်ခံရသူအနက်မှ နေစောထွန်းဦးက DMG ကို ပြောဆိုထားသည်။

မောင်တောမြို့နယ်အတွင်းတွင် ယင်းသို့ တိုက်ခိုက်ခံရ၊ အသတ်ခံရမှုများ ရှိနေသောကြောင့် ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြသည်ဟု ကျေးရွာသားများထံက သိရသည်။

ဆက်စပ်သတင်းများ -

မောင်တောမြို့နယ် သစ်တောရွာတွင် အသက် ၁၃ နှစ်အရွယ်မိန်းကလေးတစ်ဦး အသတ်ခံရ

မောင်တောတွင် မရမာကြီးလူမျိုးနှစ်ဦးကို ဘင်္ဂါလီ(၆) ဦးဓားဖြင့်ခုတ် ၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

ခိုးဝင်ဘင်္ဂါလီများကြောင့် မောင်တောဒေသခံများ စိုးရိမ်