
ဒီဇင်ဘာ ၁၁၊ ၂၀၁၈ ခုနှစ်၊ အောင်ကောင်းဇော် / DMG
မာန်အောင်မြို့နယ် ရဲကျွန်းကျေးရွာတောင်ဘက် ရေမိုင် ၂၀ ခန့်အကွာ ပင်လယ်ပြင်တွင် ရေလုပ်သား ၁၀ ဦးပါဝင်သည့် ငါးဖမ်းရေယာဉ်တစ်စီး ရေစိမ့်ဝင်နစ်မြုပ်မှုကြောင့် ရေလုပ်သား ၅ ဦး သေဆုံးသွား ခဲ့ကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ဒရွတ်ဆွဲပိုက်အမျိုးအစားဖြင့်ငါးဖမ်းနေစဉ် ပိုက်အတွင်းသို့ သဲနှုန်းများအဆတန်ဝင်ရောက်လာမှုကြောင့် ပိုက်အားရေယာဉ်ပေါ်သို့ဆွဲတင်ကြရာမှ ရေစိမ့်ဝင်ကာ နစ်မြုပ်ခဲ့ခြင်းဟု သိရသည်။
သေဆုံးခဲ့သည့် ရေလုပ်သား ၅ ဦးမှာ ဦးမြင့်ရွှေ၊ ဦးထွန်းအောင်စိန်၊ ဦးနေလင်းထွန်း၊ ဦးမျိုးမြင့်ထက်၊ ဦးမြသန်းတို့ဖြစ်ပြီး နစ်မြုပ်သွားသည့်စက်လှေအတွင်းတွင် သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ အမည်မဖော်လိုသည့်ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါရေယာဉ်နစ်မြုပ်သည့်နေရာမှာ သံတွဲမြို့နယ်အပိုင်ဖြစ်ပြီး ရေလုပ်သား ၅ ဦး သေဆုံးခဲ့မှု အတွက် ရေယာဉ်မှူးကျော်ဆန်းလွင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၀ (ပေါ့ဆမှု)၊ ၃၀၄ (က) (လူသေစေမှု)တို့ဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သံတွဲမြို့မရဲစခန်း၌ အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်းသိရသည်။




