နေရောင်မင်း / DMG
မေ ၂၉၊ စစ်တွေ
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပြီး နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC) သို့ တင်ရန် အရေးတကြီးလိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အစီအရင်ခံစာ ထုတ်ပြန်လိုက်သော်လည်း မိမိတို့အနေဖြင့် စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိကြောင်း AA ဘက်က တုန့်ပြန်သည်။
“AI အနေနဲ့ အထောက်အထား အခိုင်အမာမရှိဘဲ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်က ပယ်ချတယ်။ လက်ခံနိုင်စရာ မရှိဘူး” ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုသည်။
AA အနေဖြင့် အရပ်သားများကို ပြန်ပေးဆွဲ၊ ခြိမ်းခြောက်မှုများ၊ ကျေးရွာ၊ မြို့ပြအနီးတို့တွင် စစ်ဆင်ရေးများလုပ်ပြီး အရပ်သားများကို အန္တရာယ်ထဲကျအောင် လုပ်ဆောင်မှုများ၊ ကျည်တစ်စောင့်စီပါသည့် ခြိမ်းခြောက်စာပေးပို့မှုများ ရှိခဲ့သည်ဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။
“အဲဒီ အစီအရင်ခံစာထဲမှာ ကျနော်လည်း အသေအချာ ဖတ်ကြည့်တယ်။ ဖတ်ကြည့်တော့ ချင်းလူ့အခွင့်အရေးတွေက အရင်ပြောနေကျရှိတဲ့ မိသားစု (၅၄) စုကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ခေါ်သွားပြီး ထိန်းသိမ်းထားတဲ့ ပုံစံမျိုးရှိတယ်။ အဲဒါက ကျနော်တို့ လက်ခံနိုင်စရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကျနော်တို့ စေတနာသန့်သန့်နဲ့ ဘေးလွတ်ရာကို ခေါ်ထုတ်သွားတာ။ အခုလည်း ထိန်းသိမ်းထားတာမဟုတ်။ သူတို့ဟာ သူတို့ ရှာဖွေစားသောက်နေကြတာ” ဟု ခိုင်သုခက ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ချို့ကို ဖမ်းဆီးရခြင်းမှာလည်း လုံခြုံရေးအရ လူသိရှင်ကြား ဖမ်းဆီးခြင်းသာဖြစ်ကြောင်း၊ အရပ်သားနှင့်ရဲတစ်ချို့ကို ကျည်ဆန်တစ်တောင့်နှင့် စာတစ်ရွက်ပေးခြင်းမှာလည်း သူတို့သည် အရပ်သားများကို နှိပ်စက်မှုများပြုလုပ်နေသောကြောင့် အမြင့်ဆုံးသတိပေးခြင်းဖြစ်ကြောင်း၊ သတိပေးခံရသူ များကိုလည်း ၎င်းတို့ သတ်ဖြတ်ခြင်းမရှိဟု ၎င်းက ဆက်လက်ဆိုသည်။
တပ်မတော်သားများသည် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး အရပ်သားများကို သတ်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးမှုများ အတင်းအကြပ်ဖမ်းဆီးပြီး လက်စဖျောက်မှုများ ရှိသည်ဟု အစီအရင်ခံစာတွင် ရေးသားထားသည်။
AI ဘက်က ပြောဆိုမှုများနှင့် ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်ချက်ကို ရရှိရန်အတွက် တပ်မတော် ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။




