
ဇူလိုင် ၁၄ ရက်၊ ၂၀၁၈ ခုနှစ်၊ ခင်သရဖီဦး / DMG
စစ်တွေမြို့ ပွိုင့်ကမ်းခြေတစ်လျှောက်တွင် လာရောက်ရေကစားသူများ အန္တရာယ်မဖြစ်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ပွိုင့်ကမ်းခြေတစ်လျှောက်တွင် စနေ့နှင့် တနင်္ဂနွေနေ့များတွင် လာရောက်ရေကစားသူ များပြားသည့်အတွက် အန္တရာယ်ကင်းရှင်းစေရန် လာရောက်စောင့်ကြပ်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသော်ဒါက ပြောသည်။
“ ကမ်းခြေမှာရှိတဲ့လူတွေ အန္တရာယ်ကင်းရှင်းရေးအတွက်ပါ။ အရင်တစ်ခါလည်း ဖြစ်ဖူးပြီလေ၊ ရေထဲမျောသွားတာရှိလို့ လိုက်ကယ်ရတယ်လေ သုံးယောက်။ စနေ့တနင်္ဂနွေ ပုံမှန်လုပ်တယ်။ ကျန်တဲ့အချိန်ကတော့ အရေးပေါ်အခြေနေပေါ့ ” ဟု ဦးသော်ဒါက ဆိုသည်။
စစ်တွေပွိုင့်ကမ်းခြေသို့ ရေကစားသူများနှင့် လာရောက်အပန်းဖြေသူများ အန္တရာယ်ကင်းရှင်းစေရန် စစ်တွေမြို့နယ်မီးသတ်စခန်းမှ သူနာတင်ယာဉ် ၁ စီး၊ ရှာကယ်တပ်ဖွဲ့ဝင် ၇ ဦး ဘောကွင်းများ၊ Lifejacket များ၊ အသက်ကယ်ကြိုးများနှင့် စနေ့ တနင်္ဂနွေနေ့များတွင် စောင့်ကြပ်နေခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ - ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန





