
ခိုင်ရိုးလ / DMG
နိုဝင်ဘာလ ၂ ၊ စစ်တွေ
စစ်တွေမြို့တွင် ပြည်သူများ လုံခြုံမှုအားကောင်းပြီး မှုခင်းများလျှော့နည်းလာစေရန်အတွက် CCTV ကင်မရာ တပ်ဆင်ရန် ပြည်နယ်အစိုးရက စီစဉ်နေပြီး အာဏာပိုင်များအနေဖြင့် ယင်းကင်မရာကို အမှန်တကယ် စောင့်ကြည့်ရန် လိုအပ်သည်ဟု စစ်တွေဒေသခံများက ပြောဆိုကြသည်။
မှုခင်းကျဆင်းစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အန္တရာယ်ရှိသည့် လမ်းများနှင့် ယာဉ်အန္တရာယ်ရှိသည့် လမ်းများတွင် ၁ ဘီလီယံကျော်အကုန်အကျခံကာ ပြည်နယ်အစိုးရက တပ်ဆင်သွားမည်ဖြစ်သည်။
ပြည်နယ်အစိုးရ၏ အစီအစဉ်ကို မြို့ခံများက ကြိုဆိုကြသော်လည်း အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။
“စစ်တွေမြို့မှာ ကင်မရာတပ်ဆင်ပြီး စောင့်ကြည့်တာကို လက်ခံပါတယ်။ အမှန်တကယ် စောင့်ကြည့်နိုင် မှာလား။ ဘာကိုစောင့်ကြည့်မှာလဲ။ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ မှုခင်းတွေဖြစ်လာရင် CCTV ကင်မရာတွေ ပျက်နေတာကိုတွေ့ရတယ်။ ဒါကြောင့် အမှန်တကယ် CCTV တွေသက်ဝင်လှုပ်ရှားနေတာကို ပြည်သူ တစ်ယောက်အနေ့နဲ့ လိုချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံဘဏ္ဍာတွေကို အလွဲသုံးစားမဖြစ်စေ ချင်လို့ပါ” ဟုစစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီဝင် ဦးစိုးနိုင်ကပြောသည်။
တပ်ဆင်မည့် ကင်မရာအလုံးရေများကို မသိရှိသေးကြောင်းနှင့် မည်သည့်ကာလတွင် တပ်ဆင်မည်ကိုလည်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
“CCTV ကင်မရာကို စစ်တွေမြို့မှာ အချက်အချာကျပြီး လိုအပ်တဲ့နေရာတွေမှာ တပ်ဆင်သွားမှာပါ။ ဘယ်နှစ်လုံး တပ်ဆင်သွားမယ်ဆိုတာ တိတိကျကျ ပြောမရသေးဘူး” ဟု ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကပြောသည်။
စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က တပ်ကြပ်ဝင်းထိုက် (ခေါ်) ဖိုးလုံးသည် အမည်မသိ သေနတ်သမားတစ်ဦး၏ လုပ်ကြံ ခြင်းခံလိုက်ရသည်။ ယင်းသို့ပစ်ခတ်မှုဖြစ်ပွားပြီး တစ်လကျော် အကြာမှာ CCTV ကင်မရာတပ်ဆင်ရန် အစိုးရက စီစဉ်နေခြင်းလည်းဖြစ်သည်။




