
သြဂုတ်လ (၉) ရက်၊ ၂၀၁၈ ခုနှစ်၊ ခင်သရဖီဦး/DMG
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် သြဂုတ်လ ၄ ရက်နေ့နှင့် ၇ ရက်နေ့ အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဖမ်းဆီးရမိသူများထဲတွင် သံဃာတစ်ပါး ပါဝင်ကြောင်းသိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီး ရာတွင် စစ်တွေပွိုင့်အပန်းဖြေစခန်းတွင် နေ့ရော ညပါ မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းပေးတိုင်ကြားမှုများအရ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်အထူး အဖွဲ့ဝင်များ ဖြင့် ဖမ်းဆီးရာတွင် သြဂုတ်လ ၄ ရက်နေ့က စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်၊ တြိဂံလမ်းဆုံအနီးတွင် လင်းချေ(ဘ)ဦးစံသာ၊ ၀င်းမောင်သန်း (ဘ)ဦးရွှေလှ တို့အား မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသဖြင့်ဖမ်းဆီးခဲ့ကာ စစ်တွေမြို့မရဲစခန်း မယ(ပ)၃၄/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သြဂုတ်လ ၇ ရက်နေ့တွင်လည်း ပွိုင့်အပန်းဖြေစခန်းတွင် မူးယစ်ဆေးဝါးရောင်းချရန် ရောက်ရှိလာသူ ကျော်သူရဦး(ခ)သူရချေ အား စိတ်ကြွဆေးပြား ၂၁၄ ပြားနှင့်ဖမ်းဆီးရမိခဲ့ကာ ကွင်းဆက်များအား ဆက်လက်ဖမ်းဆီးရာတွင် စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ မဏိရတနာဘုန်းတော်ကြီးကျောင်းတိုက်တွင် သီတင်းသုံးနေသူ ဦးဥတ္တမသီရိ(ခ)ခင်အေးမောင် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၁၀၀)ပြားအား လည်းကောင်း၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ မင်းစောမွန်လမ်းနေ စိုးစိုးအေး ဆိုသူအား စိတ်ကြွရူးသွပ်ဆေးပြား (၁၈၃၄)ပြားဖြင့် လည်းကောင်း၊ စိုးစိုးအေး ၏နေအိမ်တွင် ကျော်မင်းထွန်း ဆိုသူအား စိတ်ကြွရူးသွပ်ဆေးပြား (၁၇)ပြားအား လည်းကောင်း၊ စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်၊ ရွှေပြားကမ်းနားလမ်းနေခိုင်မင်း ဆိုသူထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၈၀၃၅)ပြားအား ဖမ်းဆီးရမိခဲ့ပြီး ခိုင်မင်းထံမှ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများမှာ အောင်စံမြဆိုသူထံမှ ရရှိကြောင်း စစ်ဆေးပေါ်ပေါက်၍ အောင်စံမြအား အမှုဖြင့် ဖမ်းဆီးကာ သီးခြားစီ အမှုဖွင့် ဆောင်ရွက်ထားရှိကာ စုစုပေါင်း ဖမ်းဆီးရမိမှာ အမှု (၆)မှု၊ တရားခံ ကျား(၇)ဦး၊ မ(၁)ဦး စိတ်ကြွရူးသွပ်ဆေးပြား (၂၀၂၀၂)ပြား၊ ကာလတန်ဘိုး (၆၀၆၀၆၀၀၀)ကျပ် တို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။




