
ခိုင်ရိုးလ ၊DMG
စက်တင်ဘာလ ၁၅၊စစ်တွေ
ကမ္ဘာ့သန့်ရှင်းရေးနေ့ကို ဂုဏ်ပြုသည့်အားဖြင့် အမှိုက်ကောက်ပညာပေး ကမ်ပိန်းတစ်ခုကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (unicef) အပါအဝင် တခြားလူမှုအဖွဲ့အစည်းများနှင့် စစ်တွေစည်ပင်သာယာရေး အဖွဲ့တို့မှ ပူးပေါင်းပြီး စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီကျော်က စစ်တွေ ပွိုင့်ကမ်းခြေတစ်လျှောက် ပြုလုပ်ခဲ့ကြသည်။
စစ်တွေမြို့တွင် အမှိုက်ကောက် အလေ့အကျင့် မရှိသေးသောကြောင့် အမှိုက်ကောက်အလေ့အကျင့်များ ဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ ကမ်ပိန်း ပြုလုပ်ခြင်းဖြစ်သည်ဟု IRC အဖွဲ့မှ ကိုကျော်စိုးလှက ပြောသည်။
“ မြို့သူမြို့သားတွေ၊ ကျောင်းသူကျောင်းသားတွေကိုလည်း ဒီလိုမျိုးအမှိုက်ကောက်တဲ့အလေ့ကျင့်က တစ်ပတ်တစ်ခါတော့လုပ်သင့်တယ်လို့ထင်တာပေါ့။ အခုလိုအမှိုက်တွေရှုပ်ပွနေတာက စစ်တွေမြို့သူ မြို့သားတွေရဲ့လိုအပ်ချက်ပါ။ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုထိန်းသိမ်းရေး အရမ်းအားနည်းနေတာတွေ့ရတယ် ” ဟု ၎င်းက ဆိုသည်။
အမှိုက်ကောက်ကမ်ပိန်းကို unicef အဖွဲ့မှ ဖိတ်ခေါ်ခြင်းကြောင့် လူမှုအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင်လာ ခြင်းဖြစ်သည်ဟု အမှိုက်ကောက်လာရောက်သူ IRC အဖွဲ့မှ ကိုကျော်စိုးလှက ပြောသည်။
စစ်တွေကမ်းခြေတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများမရှိအောင် ထိန်းသိမ်းရန်နှင့် ပြည်သူများ က ကော်ဖီမစ်အခွံများ၊ ပလက်စတစ်အိမ်ခွံများကို စည်းကမ်းမဲ့ စွန့်ပစ်နေကြလျှင် ပွိုင့် ကမ်းခြေ၏ သဘာဝအလှတရားများမှာ လက်ရှိထက်ဆိုးဝါးလာမည်ဟု DRC အဖွဲ့မှ ကိုဇော်ဝင်းအောင်ကဆိုသည်။
ယခုကမ်ပိန်းတွင် စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အန်ဂျီအို၊ အိုင်အန်ဂျီအိုအဖွဲ့ ၃၀ ကျော်မှ နိုင်ငံခြားသားများအပါဝင် ဝန်ထမ်း ၁၀၀ ခန့်က အမှိုက်ကောက်ခဲ့ကြသည်။




