ခင်သရဖီဦး၊ DMG

အောက်တိုဘာလ ၁၉၊စစ်တွေ

စစ်တွေမြို့တွင် အမျိုးသမီးများ သွားလာလှုပ်ရှားရာတွင် လုံခြုံမှုအလွန်းနည်းပါးသည်ဟု အမျိုးသမီးများက ဝေဖန်ကြသည်။

အမျိုးသမီးများအနေဖြင့် လမ်းမှာသွားလာလျှင်လည်း အမျိုးသားအချို့၏ နူတ်ဖြင့်သော်လည်းကောင်း၊ အမူအရာအားဖြင့်သော်လည်းကောင်း နှောင့်ယှက်မှုကို ကြုံတွေ့နေရသည်ဟု Triple E Management Institute  တည်ထောင်သူ မသန်းသန်းရွှေ ကပြောသည်။

“ ဒီဒေသမှာ အမျိုးသမီးတွေအတွက် လုံခြုံမှုအလွန်းတရာနည်းပါးနေပါတယ်။  ပြောရလို့ရှိရင် ဒီဒေသ တစ်ခုလုံးရဲ့ လုံခြုံမှုကိုက အားနည်းနေပါတယ်။ ကျမတို့ကို အပြော အဆိုက အစ နူတ်ဖြင့်သော်လည်းကောင်း ၊အမူအရာအားဖြင့်သော်လည်းကောင်း နှောင့်ယှက်မှုတွေရှိနေပါတယ်။  အဲတာတွေက ဒေသအတွင်းမှာ သွားလာတဲ့အခါမလုံခြုံခြင်းပဲ ” ဟု ၎င်းကပြောသည်။

မြို့တွင်း လမ်းအချို့တွင် မီးမရှိသောကြောင့် အမျိုးသမီးများ သွားလာရာတွင်လည်း စိုးရိမ်စရာများ ဖြစ်ပွားသည်ဟု အမျိုးသမီးအချို့ကပြောကြသည်။

အမျိုးသမီးများအနေဖြင့်သွားလာရာတွင်  အနှောက်ယှက်ပေးမှုများကို ခံစားရသောကြောင့် ရဲစခန်းသို့ တရားဥပဒေ အတိုင်းဆောင်ရွက်ပေးရန် သွားရောက်တိုင်းကြားသော်လည်း တရားဥပဒေဘက်မှာ အားနည်းချက်များရှိနေသည်ဟု မသန်းသန်းရွှေက ဆိုသည်။

“ ကျမအနေနဲ့  ရိုင်းစိုင်းစွာ ပြုမှုပြောဆိုတာတွေကို ခံရဖူးတယ်။ အဲဒါကို ရဲစခန်းကိုသွားရောက် တိုင်ကြားတယ် ။အဲဒီအချိန်မှာ အမှုစစ်ချက်ယူတဲ့ ရဲဝန်ထမ်းကိုယ်တိုင်က အမျိုးသားဖြစ်နေတယ်။ ကျမတို့ အမျိုးသမီးတွေအနေနဲ့ တစ်ခုခုကိုထိပါးလာပြီ။ လုံခြုံမှုကိုထိပါးလာတယ်ဆိုရင် အကြမ်းဖက်မှု သဏ္ဍာန် ခံစားလာပြီးဆိုလိုရှိရင် တရားဥပဒေအရ ဖြေရှင်းမှုလုပ်ခဲ့ပေမယ့် တရား ဥပဒေဘက်မှာ အားနည်းချက်တွေအများကြီးရှိနေပါတယ် ” ဟု ၎င်းက ပြောသည်။

အမျိုးသမီးများလုံခြုံမှုနှင့်ပတ်သက်ပြီး  ခြိမ်းခြောက်ခံရမှုများရှိလျှင် ဥပဒေမှာ ပြဌာန်ထားသည့် အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းကိစ္စများနှင့်ပတ်သက်ပြီး  တိုင်းကြားမှုများ မရှိကြောင်း စစ်တွေမြို့ အမှတ် (၂ )ရဲစခန်းမှစခန်းမှူး ဦးအေးကျော်ကပြောသည်။

“ အဲဒီကိစ္စတွေနဲ့တော့ ကျနော်တို့ဆီမှာ တိုင်းကြားခံရတာမရှိပါဘူး။ အကယ်၍ တိုင်းကြားမှုများ ရှိလာရင်လည်း  တရားဥပဒေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းဆောင်ရွက် သွားမှာဖြစ် ပါတယ်”ဟု ၎င်းကပြောသည်။