အသစ်တည်ဆောက်မည့် ဆိပ်ကမ်းပုံစံငယ်

 

နေရောင်မင်း(စစ်တွေ)၊ DMG

စက်တင်ဘာလ ၂၈၊ စစ်တွေ

 

စစ်တွေမြို့တွင် ကိုးရီးယားကုမ္ပဏီဖြစ်သည့် BXT ကုမ္ပဏီက ဆိပ်ကမ်းတံတားဆောက်လုပ်လှူဒါန်း ပေးမည်ဟု ဆောက်လုပ်ရေးမန်နေဂျာ ဦးအောင်မျိုးသန့်က DMG ကိုပြောသည်။

BXT ကုမ္ပဏီသည် စစ်တွေမြို့ မိဇံရပ်ကွက်တွင် မြို့ပြဧရိယာဖော်ထုတ်ရေး စီမံကိန်းကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ယင်းကြောင့် လက်ခတ်လှေများဖြင့်  ကုန်တင်ကုန်ချလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ရာတွင်  လှေသမားများမှာ  ဆိပ်ကမ်းကပ်ရန်  နေရာအခက်အခဲ ဖြစ်ပေါ်နေသည်။

ယင်းသို့ လှေသမားများ အခက်အခဲဖြစ်ပေါ်နေသောကြောင့် လှေ အစီး ၂၅ စီး ကမ်းကပ်နိုင်သည့် အလျား ၃၀ မီတာရှိသော ဆိပ်ခံတံတားတစ်ခုဆောက်လုပ်လှူဒါန်းရန် ပြင်ဆင်ခြင်းဖြစ်သည်။ ယခုစတင် စလုပ်နေပြီဖြစ်ကာ တစ်လအတွင်း ဆောက်လုပ်မည်ဟု ကုမ္ပဏီဘက်က ဆိုသည်။

“ဒီလှေငယ်လေးတွေ အဆင်ပြေစွာ ဆိပ်ကပ်နိုင်ဖို့အတွက်ပါ။ကမ်းကပ်တဲ့အခါ လွယ်ကူအောင်အတွက်ပါ  ”ဟု ဦးအောင်မျိုးသန့်က ပြောသည်။

အဆိုပါ စီမံကိန်းကို BXT ကုမ္ပဏီနှင့် ရခိုင်ပြည်နယ်အစိုးရတို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် ၂၀၁၅ ခုနှစ်က MOU လက်မှတ်ရေးထိုးခဲ့သည်။