ဇူလိုင် ၁၄ ရက်၊ ၂၀၁၈ ခုနှစ်၊ စိမ်းကိုကို / DMG

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေအနီးတွင် ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကျောက်တင်ဆောင်လာသည့် စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်တင်စက်လှေမှာ ကျောက်ဖြူမြို့နယ်မှ စစ်တွေမြို့သို့ ကျောက်များတင်ဆောင်လာသော စက်လှေဖြစ်ပြီး စက်လှေနစ်မြုပ်သည့် နေရာသို့ မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ကာ စက်လှေပေါ်လိုက်ပါလာသော လူ ၄ ဦးစလုံးကို ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ ကျောက်တင်တဲ့ စက်လှေလေ။ လေးယောက်ပါတာ လေးယောက်လုံးကိုကယ်ပြီး ငါတို့ အခုဆေးရုံကို ပို့နေပြီ။ ဒဏ်ရာကတော့ နည်းနည်းပါးပါးပွန်းတာတွေ ရှိတာပါ။ အားလုံးကျန်းကျန်းမာမာပါ ” ဟု ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသော်ဒါက ပြောသည်။

စက်လှေနစ်မြုပ်သည့်နေရာသို့ ပြည်နယ်အစိုးရအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့၏ စက်လှေများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။