
သြဂုတ်လ (၉) ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ/DMG
ရခိုင်ပြည်နယ် စစ်တွေမြို့ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားသူ ၂ ဦးကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လဝကဥပဒေဖြင့် စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ကြောင်းသိရသည်။
စစ်တွေမြို့တွင် ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အစိုးရရုံးအဆောက်ဦးများဖြစ်သော ပြည်နယ်တရားရုံးရှေ့၊ ပြည်နယ်မြေစာရင်းရုံးရှေ့နှင့် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေတို့ နေအိမ်ခြံဝင်းအတွင်းမှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ မပေါက်ကွဲသေးသောမှိုင်းများကိုတွေ့ရှိခဲ့သည်။
ယခုလို ပေါက်ကွဲမှုနဲ့ ဖမ်းဆီးကာ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လဝက ဥပဒေနဲ့ ထောင်ချခြင်းသည် လုံးဝမတရားဖြစ်ကာ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှုမရှိလို့ ဖြစ်သည်ဟု
“ မြန်မာနိုင်ငံမှာ တရားဥပဒေတည့်မတ်ဖို့လိုပါတယ်။ တရားဥပဒေမစိုးမိုးဘူးလို့ ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကို စစ်တွေမြို့မှာ ပေါက်ကွဲမှုနဲ့အ အဖမ်းခံရတယ်။ လဝက ဥပဒေနဲ့ တရားစွဲတယ်။ အခုကျွန်တော်တို့ ဒီနေ့ ထောင် ၆ လကျတယ်။ ကျွန်တော်တို့ချုပ်ရက် တစ်လ လုံးမရပါ။ နစ်နာပါတယ်။ ဒီအမှုဟာ လုံးဝမတရားပါဘူး ” ဟု ထောင်ချခံရသူ ကိုသန်းရွှေကပြောသည်။
စစ်တွေဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် စစ်တွေမြို့မှ သံသဖြင့် ဖမ်းဆီးခံခဲ့ရသူ ၉ ဦးအထိရှိခဲ့ပြီး ၄င်းတို့အမှုကို မတ်လနောက်ဆုံးအပတ်မှာ မြို့နယ်တရားရုံးမှ ပယ်ချခဲ့မှုကြောင့် ၅ ဦးကို အမှတ် ၁ ရဲစခန်းမှ အာမခံဖြင့်လွှတ်ပေးခဲ့သည်။ သူတို့ထဲမှ ကျန်သော ၄ ဦးကို ၂ ဦးစီခွဲကာ ထပ်မံစွဲဆိုထားခဲ့သည်။ ၄င်းတို့ထဲမှ ကိုအေးဝင်းနှင့် ကိုမောင်ဦးမြင့်၂ ဦးကို ပေါက်ကွဲမှုဖြင့်ထပ်မံစွဲဆိုထားကာ ယခုကိုသန်းရွှေနှင့် ကိုမောင်မြင့်ကြည်တို့ကို တရားမဝင်နိုင်ငံဖြတ်ကျော်မှု ဥပဒေ ၁၃(၁) ဖြင့် သြဂုတ်လ ၈ ရက်နေ့မှာ စစ်တွေမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆ လချမှတ်လိုက်ခြင်းဖြစ်သည်။
ယခု ထောင်ဒဏ်ကျခံရသူ နှစ်ဦးမှာ ကိုသန်းရွှေ လမ်းသစ်ရပ်ကွက်နှင် ကိုမောင်မြင့်ကြည် ဆတ်ရိုးကျကယ်ဆယ်ရေးရပ်ကွက်တို့မှ ဖြစ်ပြီး နယ်စပ်ကိုသွားဖူးကြောင်းလက်မှတ်ရေးထိုးခိုင်းကာ စစ်ဆေးခဲ့သည်ဟု
“ ကျွန်တော်တို့အမှုစစ်တုန်းက နယ်စပ်ကိုသွားဖူးတယ်ဆိုပြီးတော့ သူတို့ ပြောခိုင်းတယ်။ လက်မှတ်ထိုးပေးပါ။ ဗုံးပေါက်ကွဲမှုနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့ကို မတရားစစ်တယ် ” ဟုလည်း သူတို့နှစ်ဦးက မီဒီယာများကို ပြောသည်။
ယခုလို စစ်တွေမိုင်းပေါက်ကွဲမှုနှင့် ဖမ်းဆီးပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားစွဲထောင်ချခြင်းကို စစ်တွေဒေသခံများအကြား ဝေဖန်မှုများလည်းရှိနေသည်။




