
ကျော်သူဌေး | DMG
သြဂုတ် ၂၄ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ Covid-19 ပိုးတွေ့လူနာ ၆၇ ဦးထဲ၌ ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း (၇) ဦးတို့ပါဝင်ပြီး ရဟန်းသံဃာ (၅)ပါးလည်းပါဝင်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၁၆ ရက်နေ့မှ စတင်ကာ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးထံ၌ Covid-19 ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီအထိ Covid-19 ဓါတ်ခွဲအတည်ပြုလူနာ ၇၂ ဦး အထိ ရှိလာနေပြီဖြစ်သည်။
ယင်းသို့ Covid-19 ပိုးတွေ့လူနာများထဲမှ ၆၇ ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက် ရှိသည်။
“အခု ကျနော်တို့ဆေးရုံမှာရှိတဲ့ ၆၇ ယောက်မှာ ဝန်ထမ်းက ဆရာမ ၇ ယောက်ပါတယ်။ ဆရာဝန်တစ်ယောက်ပါတယ်။ ရဟန်းသံဃာ ၅ ပါးပါတယ်။ ကျန်တာတော့ သာမာန်ပြည်သူတွေပေါ့နော်” ဟု ဒေါက်တာ ဇော်လွင်က ပြောသည်။
ယခု ပိုးတွေ့လူနာများအားလုံးမှာ ကျန်းမာရေးကောင်းမွန်ကြောင်းလည်း ဒေါက်တာဇော်လွင်က ဆိုသည်။
သြဂုတ်လ ၁၉ ရက်နေ့က ပိုးတွေ့ရှိသူများထဲတွင် NGO ဝန်ထမ်းအမျိုးသမီးတစ်ဦးပါဝင်ပြီး သြဂုတ်လ ၂၀ ရက်နေ့က ပိုးတွေ့ရှိသူများထဲတွင် ရခိုင်ပြည်နယ်အစိုးရရုံး၌ တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးဝန်ထမ်း တစ်ဦးပါဝင်ကြောင်း သိရသည်။
ယင်းအပြင် သြဂုတ်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တွင် မြောက်ဦးမြို့မှ ပိုးတွေ့လူနာ ၃ ဦးသည် (Relief International, Myanmar Country Office-RI) မှ ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီး သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အချိန်(၂)ပတ်အတွင်းက မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၄ ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ရန် သွားရောက်ခဲ့သူများဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှစတင်ကာ Covid-19 ပိုးတွေ့လူနာများသည် ပြည်တွင်းကူးစက်သူများဖြစ်ပြီး သြဂုတ်လ ၂၄ ရက်နေ့တွင် ပိုးတွေ့ရှိသူ ၇၂ ဦးအထိ ရှိလာနေပြီဖြစ်သည်။
ယခင်က ပြည်ပမှကူးစက်မှုဖြစ်ပွားခဲ့သည့် ပိုးတွေ့လူနာ ၁၆ ဦးမှာ ရောဂါကောင်းမွန်သွားပြီဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းတွင် လက်ရှိအချိန်ထိ Covid-19 ပိုးတွေ့လူနာစုစုပေါင်းမှာ ၈၈ ဦးအထိ ရှိနေပြီဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် -
- စစ်တွေဆေးရုံကြီးသို့ တာဝန်ထမ်းဆောင်ရန်လာရောက်မည့် သူနာပြု (၅၆) ဦး လမ်းခရီးအခက်အခဲရှိသဖြင့် အစိုးရအစီအစဉ်ဖြင့် ခေါ်ဆောင်ပေးရန်လိုလားနေ
- မြောက်ဦးမြို့မှ ပိုးတွေ့လူနာများသွားရောက်ခဲ့သည့် စစ်ရှောင်စခန်းများကို အဝင်၊ အထွက်ပိတ်ပင်ထား
- ကိုရိုနာကပ်ဘေးအား ၂ နှစ်အတွင်း ကျော်ဖြတ်နိုင်မည်ဟု WHO မျှော်လင့်




