စိမ်းကိုကို / DMG
စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာသည့် ရွှေမန်းရတနာ ခရီးသည်တင်ကားတစ်စီးသည် မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာအလွန်၌ မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးမှုတစ်ချို့ ရှိခဲ့သည်။
အဆိုပါ ခရီးသည်တင်ကားမှာ ရှေ့မှ ကားတစ်စင်းလာ၍ လမ်းဘေးချစဉ် ယင်းသို့ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကားရှေ့မှန်နှင့် ကားအောက်ပိုင်းပျက်စီးခဲ့ပြီး ခရီးသည်များမှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ရွှေမန်းရတနာ ကားဒရိုင်ဘာ ကိုအောင်နိုင်ဝင်းက ပြောသည်။
“ဖြစ်တာကတော့ ရှေ့ကကားလာလို့ ကားရှောင်တာ။ လမ်းဘေးနည်းနည်းချတာ အဲဒီမှာပေါက်တာ။ ကားနောက်ကြည့်မှန်တွေ ကွဲသွားတယ်။ အောက်ပိုင်းပါသွားတယ်” ဟု ၄င်းက ပြောသည်။
ကားပေါ်တွင် ခရီးသည် ၄၅ ဦး လိုက်ပါလာပြီး ယင်းခရီးသည်များကို နောက်ထပ်ကားတစ်စီးဖြင့် သယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၄င်းကပြောသည်။




