ဓာတ်ပုံ-ခိုင်ရိုးလ/DMG

ခိုင်ရိုးလ၊ DMG

အောက်တိုဘာ ၆၊ စစ်တွေ

 စစ်တွေအကျဉ်းထောင်တွင် ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ တွင် ဆူပူမှုဖြစ်ပွားနေသောကြောင့် လုံခြုံရေးတိုးမြှင့်ချထားရသည်ဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက DMG ကို ပြောသည်။

မည်သို့ဆူပူမှုဖြစ်ပွားနေကြောင်းကို ဖြေဆိုမှုမရှိဘဲ ဖြစ်စဉ်ကို စိစစ်နေသည်ဟုသာ အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“ စစ်တွေ အကျဉ်းထောင်ထဲမှာ နည်းနည်းပါးပါးဆူပူမှုတွေရှိနေလို့ လုံခြုံရေးချထားရတာပါ။ ဖြစ်စဉ်ကတော့ စီစစ်နေတုန်းပါပဲ ” ဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တွေထောင်တွင်းတွင် ထောင်ဝန်ထမ်းနှင့်အကျဉ်းသားများ ရိုက်နှက်မှုရှိနေပြီး အကျဉ်းသားများက ဆန္ဒထုတ်ဖော်နေကြသည်ဟုလည်း သတင်းများထွက်ပေါ်နေသော်လည်း ယင်းကိစ္စနှင့်ပတ်သတ်ပြီး စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးက DMG ကိုဖြေဆိုမှုမရှိပေ။

 ထောင်ရှေ့နှင့်ထောင်ပတ်ဝန်းကျင်တစ်လျှောက်တွင် ရဲအင်အား ၁၀၀ ခန့်က လုံခြုံရေးယူထားသည်ကို တွေ့မြင်ရသည်။

ယင်းသို့ လုံခြုံရေး အများအပြားချထားစဉ် ထောင်ဝင်စာလာတွေ့သူများကို ယနေ့တွေ့ခွင့်မရှိဟု ပြောပြီး ပြန်သွားကြရန် ရဲတပ်ဖွဲ့က ပြောဆိုနေသည်ကို တွေ့ရသည်။

(နောက်ထပ်သတင်းရလျှင် DMG က ဆက်လက်တင်ပြပေးပါမည်)